MySport Myanmar

ဘာလွန်းဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုလိုက်တဲ့ ယာမားလ်

မနေ့ညက ၂၀၂၄ ဘာလွန်းဒေါဆုပေးပွဲမှာ တစ်နှစ်တာ လူငယ် အကောင်းဆုံး ဘောလုံးသမားဆု Kopa Trophy ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ စပိန် ဆယ်ကျော်သက် တောင်ပံကစားသမားလေး လာမင်း ယာမားလ်က သူ့အနေနဲ့ ဘာလွန်းဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ စပိန် လက်ရွေးစင် ညာတောင်ပံကစားသမားလေး ယာမားလ်ဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ဘာစီလိုနာ စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိချိန်မှာ ယာမားလ်ရဲ့ အသက်က (၁၅)နှစ်ကျော်ကျော်လေးသာ ရှိနေပါတယ်။

Photo Credit : Transfermarket

အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာအတွက် ကစားပေးခွင့် ရရှိရင်း စပိန်လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ယာမားလ်က ၂၀၂၄ ယူရိုပြိုင်ပွဲကြီးမှာလည်း စပိန်အသင်းကို ယူရိုချန်ပီယံ ဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သလို ဘာစီလိုနာအတွက်လည်း အမြဲတမ်း ပါဝင်ကစားရသူပါ ဖြစ်လာခဲ့ပါတယ်။

ဒီလို အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြသနေတဲ့ ယာမားလ်ဟာ ၂၀၂၄ရဲ့ Kop Trophy အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သလို ၂၀၂၄ ဘာလွန်းဒေါ အဆင့်သတ်မှတ်ချက်မှာဆိုရင်လည်း နာမည်ကျော် ကစားသမားကြီးတွေကိုပါ ကျော်ဖြတ်ပြီး အဆင့်(၈)နေရာထိတောင် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

ယာမားလ်ကို တစ်နိုင်ငံတည်းသားလည်းဖြစ် ၂၀၂၄ ဘာလွန်းဒေါဆုရှင်လည်းဖြစ်တဲ့ ရိုဒရီက “မကြာခင်မှာပဲ လာမင်း ယာမားလ်က ဘာလွန်းဒေါဆုကို ရလိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဆက်ကြိုးစားနေပါ. တစ်နေ့ကျရင် မင်း ဒီနေရာကို ရောက်လာမှာပါ။” လို့ အားပေးစကား ပြောကြားသွားခဲ့ပါသေးတယ်။

ယာမားလ်ကိုယ်တိုင်ကလည်း “ဟုတ်တယ်။ ဘာလွန်းဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်စိတ်ထဲမှာ ရှိနေမယ့် အရာပါပဲ။ ဒီအရာကို ရအောင် ယူဆောင်သွားမယ်။” လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ ယာမားလ်သာ ဘာလွန်းဒေါဆု ရခဲ့မယ်ဆိုရင် ဘာလွန်းဒေါဆု သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဘာလွန်းဒေါဆုရှင် ဖြစ်ထားတဲ့ ရော်နယ်လ်ဒို နာဇာရီယိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကြီးက အသက် (၂၁)နှစ်နဲ့ ဘာလွန်းဒေါဆုရှင် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Exit mobile version