MySport Myanmar

ရီးယဲလ်နဲ့ ပွဲအတွက် ယုံကြည်မှု အပြည့်ရှိနေပြီလို့ ကြုံးဝါးလိုက်တဲ့ ယာမားလ်

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး လာမင်း ယာမားလ်က သူတို့အသင်းအနေနဲ့ ဒီတစ်ပတ် weekend မှာ ရီးယဲလ် မက်ဒရစ်နဲ့ ရင်ဆိုင်သွားရတော့မယ့် အယ်လ်ကလက်စီကို ပွဲစဉ်အတွက် ယုံကြည်မှုတွေ အပြည့်အဝ ရှိနေပြီလို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်မှာ ဆီဗီလာ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရင်း အဲ့ဒီပွဲစဉ်တွေထဲ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။ ဆီဗီလာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ (၅)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့သလို မနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း (၄)ဂိုး (၁)ဂိုးနဲ့ကို အနိုင်ရခဲ့ပါတယ်။

Photo Credit : Goal

အသင်းက ရလဒ်တွေ စွမ်းဆောင်ပိုင်းတွေ ကောင်းမွန်နေချိန်မှာပဲ ဒီဂျောင် ဂါဗီတို့လို ထိပ်တန်း ကစားသမားတွေကပါ ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာခဲ့ပြီဖြစ်လို့ ဒီအချိန်က ဘာစီလိုနာအတွက် အကောင်းဆုံး အခိုက်အတန့် ဖြစ်နေရပါတယ်။ ဒီလိုအချိန်မှာပဲ ဘာစီလိုနာက သူတို့ရဲ့ အခါးသီးဆုံးပြိုင်ဘက် ရီးယဲလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရပါတော့မယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက လာလီဂါဖလားရော ချန်ပီယံလိဂ်ဖလားပါ ရယူထားနိုင်ခဲ့တဲ့ ရီးယဲလ်ဟာ ဒီရာသီမှာလည်း ဘာပေလို စူပါစတား တစ်ဦးကိုပါ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းက အနည်းငယ်လေး ရုန်းကန်နေရပြီး ပွဲတိုင်းလိုလိုမှာ ခံစစ်ပိုင်း ယိုယွင်းမှုတွေ ဖြစ်နေရသလို တိုနီ ကရူးစ် မရှိတော့တဲ့ ကွင်းလယ်ပိုင်းဟာလည်း လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း ရီးယဲလ်မှာက ဘာပေ ဗင်နီစီယပ်စ် ဘယ်လင်ဂမ်တို့လို အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားတာမို့ အယ်လ်ကလက်စီကို ပွဲစဉ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ ဒီပွဲနဲ့ ပတ်သက်ပြီး ဘာစီလိုနာ တောင်ပံကစားသမားလေး ယာမားလ်က “အယ်လ်ကလက်စီကိုပွဲ မတိုင်ခင်မှာ ကျွန်တော်တို့ဟာ ယုံကြည်မှု အပြည့်ရှိနေပါပြီ။”

“နောက်ပြီး ကျွန်တော်တို့တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းလို့ ယုံကြည်ထားပြီး ဒါကိုလည်း သက်သေပြနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားအားထုတ်သွားမှာဖြစ်လို့ အကောင်းဆုံး ကစားသွားမယ့်အသင်းက အနိုင်ရသွားနိုင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version