MySport Myanmar

(၂၁)နှစ် မပြည့်ခင်မှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရယူသွားဖို့ ရည်မှန်းထားတဲ့ ယာမားလ်

ဘာစီလိုနာအသင်းရဲ့ စပိန် ဆယ်ကျော်သက် လူငယ်ကစားသမားလေး လာမင်း ယာမားလ်က သူ့အသက် (၂၁)နှစ် မပြည့်ခင်မှာပဲ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ရယူချင်သလို ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတို့ကို ထပ်မံ ရယူသွားဖို့ ရည်မှန်းထားကြောင်း ပြောဆိုလိုက်ပါတယ်။

အသက် (၁၇)နှစ်သာ ရှိနေသေးတဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ညာတောင်ပံကစားသမားလေး ယာမားလ်ဟာ အသက် (၁၅)နှစ်နဲ့ ဘာစီလိုနာ စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့သလို ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဇာဗီက ယာမားလ်ကို အသင်းမှာ နေရာပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : AP News

အခုဆိုရင်တော့ ယာမားလ်က ဘာစီလိုနာအတွက် အရေးပါလှတဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေသလို စပိန်လက်ရွေးစင်အသင်းမှာပါ နေရာတစ်နေရာ ရရှိနေတဲ့သူ စပိန်အသင်းအတွက် ယူရို-၂၀၂၄ ချန်ပီယံဆုကြီးကို ရယူပေးနိုင်ခဲ့သူပါ ဖြစ်လာခဲ့ရပါတယ်။

အရွယ်နဲ့မလိုက်အောင် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တဲ့ ယာမားလ်ဟာ ယူရိုဖလား လာလီဂါဖလားတို့လို အသင်းလိုက် ဆုဖလားတွေအပြင် ဘာလွန်းဒေါကနေ ပေးအပ်တဲ့ Kopa Trophy အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ Golden Boy Award လို တစ်ဦးချင်း ဆုတံဆိပ်တွေကိုပါ ဆွတ်ခူးလာခဲ့ရပါတယ်။

Photo Credit : Goal

အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ယာမားလ်ဟာ အနာဂတ်မှာ ဒီထက်မက အောင်မြင်မှုတွေ ရရှိလာနိုင်ပြီး သူကိုယ်တိုင်ကလည်း ကြီးမားတဲ့ ရည်မှန်းချက်တွေကိုပါ ချမှတ်ထားပါတယ်။ “ကျွန်တော့်အသက် (၂၁)နှစ်မတိုင်ခင်မှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီး ဆွတ်ခူးဖို့ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား လာလီဂါဖလားတို့ကို နောက်ထပ် (၂)ကြိမ် ပိုင်ဆိုင်နိုင်ဖို့ ရည်မှန်းထားပါတယ်။”

“တကယ်လို့ ကျွန်တော်သာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့မယ်ဆိုရင် ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့အတွက်လည်း အခွင့်အလမ်းတွေ ပိုရှိလာပါလိမ့်မယ်။” လို့ ယာမားလ်က ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ယာမားလ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုသွားဖို့လည်း ရှိနေပြီး ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားပါ ဖြစ်ချင်တယ်လို့ ယာမားလ်ကိုယ်တိုင် ဖွင့်ဟထားခဲ့ပါတယ်။

Exit mobile version