အသင်းအတွက် ပေးဆပ်လိုတဲ့စိတ်ဓါတ် ရရှိနေတဲ့ လုပ်ခလစာနဲ့ မထိုက်တန်တဲ့ ခြေစွမ်း ပွဲတိုင်းပြသာနာ ရှာချင်နေတဲ့ အမှုအကျင့်ဆိုး အစရှိတဲ့ အကြောင်းအရာတွေကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေကြရသော အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ ဂွမ်ဒူဇီတို့ဟာ သူတို့ရဲ့အသင်းဖော်ဖြစ်တဲ့ ဂရန့်နစ်ချာကာရဲ့ပြောင်းလဲမှုကို အတုယူပြီး လိုက်လံပြောင်းလဲသင့်တယ်လို့ အာဆင်နယ်နည်းပြအာတီတာကနေ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ချာကာဟာ အာဆင်နယ်ကို အာတီတာမကိုင်တွယ်ခင် အူနိုင်းအမ်မရီ တာဝန်ယူနေစဉ်အတွင်း အာဆင်နယ်အသင်းပရိသတ်တွေနဲ့ပါ ပြသာနာဖြစ်ပွားခဲ့တဲ့အထိကို ကြီးကြီးမားမားကိစ္စရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရဖူးသလို သူရဲ့အသင်းခေါင်းဆောင်ရာထူးကနေ အူဘာမီယန်းဆီကို လွဲပေးခဲ့ရပြီး အသင်းနဲ့ပါ လမ်းခွဲဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အမ်မရီနေရာ အာတီတာ အစားထိုးဝင်ရောက်လာချိန်မှာတော့ ချာကာဟာ အာတီိတာရဲ့ယုံကြည်ပေးမှုတွေကြောင့် ပုံစံကောင်းတွေ ပြန်လည်ပြသလာနိုင်တဲ့အထိကို ပြောင်းလဲသွားခဲ့ရပါတယ်။

Photo Credit : Goal

အခုဆိုရင် ချာကာဟာ အာဆင်နယ်ကွင်းလယ်မှာ ပုံမှန်နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့သလို လီဗာပူးလ်နဲ့ မန်စီးတီးတို့လို အသင်းမျိုးတွေကို အနိုင်ယူနိုင်ခဲ့တဲ့ ပွဲ(၂)ပွဲလုံးမှာ သူရဲ့စွမ်းဆောင်ရည်တွေက အတော်လေးကို မြင့်မားနေခဲ့ပါတယ်။ ဒါကြောင့် အသင်းက ကစားသမားတွေအားလုံး(တကယ်တော့ နေရာပျောက်နေတဲ့ အိုဇေးနဲ့ဂွမ်ဒူဇီတို့ကို အဓိကရည်ရွှယ်တာဖြစ်ပါတယ်) အသင်းအတွက် အကောင်းဆုံးပေးဆပ်ချင်တယ် အာဆင်နယ်မှာပဲ ကစားသမားဘဝကို ဆက်သွားချင်နေသေးတယ်ဆိုရင်တော့ ချာကာရဲ့ပြောင်းခဲမှုကို သင်ခန်းစာယူသင့်တယ်လို့ အာတီတာက ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်မှာ လုပ်ခလစာအများဆုံး ရရှိနေတဲ့ ဂျာမန်ကွင်းလယ်လူအိုဇေးဟာ ကိုဗစ်အလွန် ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်ကတည်းကနေ အခုထိ တစ်ပွဲမှကို မကစားရသေးသလို ကွင်းလယ်လူဂွမ်ဒူဇီမှာလည်း ဘရိုက်တန်တိုက်စစ်မှူးမူပေးကို နှုတ်နဲ့ရောကိုယ်နဲ့ပါ တိုက်ခိုက်စော်ကားခဲ့လို့ သူ့ကိုဒီနောက်ပိုင်းပွဲတွေမှာ လူစာရင်းကနေ ချန်လှပ်ထားရတာဖြစ်ပါတယ်။ ကစားသမား(၂)ယောက်လုံးဟာ လာမယ့်စျေးကွက်အတွင်း အာဆင်နယ်ကနေ ထွက်ခွာဖွယ်ရှိနေကြပေမယ့် တကယ်လို့ အာဆင်နယ်မှာ ဆက်လက်ရှိနေချင်ပြီး အသင်းအတွက်လည်း တစ်ခုခုလုပ်ဆောင်ပေးချင်တယ်ဆိုရင်လည်း အချိန်မီပြုပြင်ပြောင်းလဲရမယ်လို့ အာတီတာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။