အာဆင်နယ် ကွင်းလယ်လူ ရှာကာကတော့ အပြောင်းအရွှေ့ ဈေးကွက်မှာ အာဆင်နယ်အသင်းကနေ ထွက်သွားဖို့ စဉ်းစားဖူးတယ်လို့ Evening Standard မှာ အခိုင်အမာ ပြောသွားခဲ့ပါတယ်။ ကွင်းလယ်လူ ရှာကာဟာ အာဆင်နယ်အသင်းကနေ ကိုစီရယ်နီ ထွက်သွားခဲ့တဲ့ အချိန်မှာတော့ အာဆင်နယ် နည်းပြဟောင်း အမ်မရီက သူ့ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ခန့်ခဲ့ပါတယ်။ ရှာကာဟာ အသင်းခေါင်းဆောင် လုပ်ခဲ့တဲ့ အချိန်အတွင်း အသင်း ပရိသတ်တွေကို ဆဲဆိုခဲ့ဖူးပြီး အသင်းခေါင်းဆောင် အဖြစ်ကနေ ထုတ်ပယ်ခံရသလို ဝေဖန်မှုတွေ များစွာကို ခံခဲ့ဖူးပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ရှာကာဟာ အောက်တိုဘာလ (၂၇) ရက်နေ့က ခရစ်စတယ် ပဲလေ့စ်အသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲ ခံရတာကြောင့် ဒေါသထွက်ခဲ့ပြီး လူစားလဲဖို့ ကွင်းထဲက ထွက်လာတဲ့ အချိန်မှာ သူ့ကို လှောင်တဲ့ အသင်းပရိတ်သတ်တွေကို ဆဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသင်း ပရိသတ်တွေကို ဆဲဆိုခဲ့တဲ့ ပွဲစဉ်အပြီး ရက်အနည်းငယ် အကြာမှာ အသင်းခေါင်းဆောင်အဖြစ်က ထုတ်ပယ်ခံခဲ့ရပြီး အသင်းက ထွက်သွားချင်ခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Evening Standard မှာ ရှာကာက “ကျွန်တော် အသင်းခေါင်းဆောင် လက်ပတ် ဝတ်တဲ့ အချိန် နဲ့ မဝတ်တဲ့ အချိန်မှာ အသင်းအတွက် ဘာပေးနိုင်မလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်တော် အသင်းခေါင်းဆောင် လက်ပတ်ကို ပြန်မယူချင်ဘူး။ ဒါပေမဲ့လည်း ဆိုကရက်တီး နဲ့ လူးဝစ်က ကျွန်တော့်ကို အသင်းခေါင်းဆောင် လက်ပတ် ပြန်ယူဖို့အတွက်ကို လာပြောကြပါတယ်”လို့ ပြောခဲ့ပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်မှာ အာဆင်နယ်အသင်းက ထွက်သွားဖို့ စဉ်းစားဖူးသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “တွေးဖူးပါတယ်။ မလိမ်ပါဘူး။ အဲဒီလို အချိန် ရှိခဲ့ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော့်အတွက် နဲ့ ကျွန်တော့်မိသားစုအတွက် မလွယ်ကူခဲ့လို့ပါ။ လူတွေကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။