အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဂရန်းနစ်ချာကာကတော့ အက်စတွန်ဗီလာနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)မှာ သူရဲ့အသင်းဖော်တွေရဲ့ပွဲအပေါ် အာရုံစိုက်မှုကင်းမဲ့နေခြင်းနဲ့ ကြိုးစားအားထုတ်မှုမရှိခဲ့ခြင်းတွေအပေါ်မှာ မေးခွန်းထုတ်သွားခဲ့ပြီး တကယ်လို့ အသင်းက ဗီလာကိုအနိုင်ယူပြီး ဝက်ဖိုဒ့်ကိုပါ ဆက်တိုက်အနိုင်ယူခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကနေ ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့်လို့ရနိုင်သေးတဲ့ အခွင့်အရေးကို လွတ်ချခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမားချာကာက အာဆင်နယ်အသင်းကို အာတီတာကိုင်တွယ်ခဲ့ပြီးနောက်ပိုင်းကတည်းက ခြေစွမ်းပိုင်း တိုးတတ်လာခဲ့တာဖြစ်ပြီး လီဗာပူးလ်နဲ့မန်စီးတီးတို့လို အသင်းတွေကို အနိုင်ယူခဲ့ပွဲစဉ်တွေမှာလည်း ချာကာက အာဆင်နယ်အတွက် အတော်လေးကို ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာတီတာက ဗီလာနဲ့ပွဲမှာတော့ ချာကာကို အနားပေးခဲ့ပြီး ဒုတိယပိုင်းမှသာ အသုံးပြုခဲ့တာဖြစ်ကာ အဲ့ဒီပွဲမှာလည်း အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်က အားရစရာမရှိခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်သွားခဲ့ရ့ပါတယ်။

Photo Credit : Mirror

ရှံးပွဲနဲ့ပတ်သက်ပြီး ချာကာ”ကျွန်တော်အမြင်အရဆိုရင်တော့ ဒီလိုကစားပုံမျိုးနဲ့ ဒီမှာလာကစားလို့ မဖြစ်နိုင်ပါဘူး။ ဒါက ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ ဒီလို စိတ်နေစိတ်ထားမျိုးနဲ့ ကစားလို့မရနိုင်ဘူး။ ဒီလိုပုံစံနဲ့ ဒီပွဲကနေ ရမှတ်တစ်စုံတစ်ခုလောက် ရယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ကျွန်တော်တို့ ဒီပွဲကို နိုင်လိုက်ပြီး ရာသီအပိတ်ပွဲကို ဆက်နိုင်လိုက်ဦးမယ်ဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်နေရာလောက် ရသွားနိုင်တယ်လေ။ အခုတော့ ကျွန်တော်တို့က အက်အေဖလားကို အရယူပြီးတော့ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် ကြိုးစားရပါတော့မယ်။ ကျွန်တော်တို့ဆီမှာ ဖိအားတွေက များသွားရပြီ။ ဒါပေမယ့် အက်အေဖလားကို အရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းမှာပါ။ ဗီလာအသင်းကတော့ သူတို့ရဲ့တိုက်ပွဲဝင်လိုစိတ် ပြင်းထန်မှုတွေကြောင့် ဒီအနိုင်(၃)မှတ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်မိပါတယ်။” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဗီလာကိုအရေးနိမ့်ပြီးနောက် နှစ်ပေါင်း(၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆင့်(၆)ရဲ့အောက်မှာ ရပ်တည်နေခဲ့ရပြီး အဆင့်(၈)ကနေ အဆင့်(၁၀)အတွင်းရှိ အဆင့်တခုခုနဲ့ပဲ ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်ရဖွယ် ရှိနေပါတယ်။