အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာက အသင်းပရိသတ်တွေရဲ့ အမြဲတမ်း ချစ်ခင်နှစ်သက်ခြင်းကို မရရှိသော်လည်း အသင်းပရိသတ်တွေနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်လိုတဲ့ စိတ်ဆန္ဒကြောင့် ထူးခြားတဲ့ အရာတစ်ခု မအောင်မြင်မချင်း အာဆင်နယ်ကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Arsenal

အသက်(၂၉)နှစ်အရွှယ်ရှိ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ချာကာဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာ အာဆင်နယ်ရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ချာကာဟာ အာဆင်နယ်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေပေမယ့် သူရဲ့စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေနဲ့ အသင်းပရိသတ်တွေကြား သဘောထား ကွဲလွဲမှုတွေကြောင့် ချာကာကို အာဆင်နယ်ပရိသတ်တွေက စိတ်ပျက်လာခဲ့ကြရပါတယ်။

Photo Credit : Eurosport

၂၀၁၉ခုနှစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီး အသင်းပရိသတ်တွေနဲ့ပါ အဆင်မပြေဖြစ်ခဲ့တဲ့ ချာကာဟာ အသင်းခေါင်းဆောင် တာဝန်ကနေပါ ဖယ်ရှားခံခဲ့ရပြီး အသင်းမှာပါ နေရာမပေးတော့သလို လုပ်ဆောင်လာခဲ့ပေမယ့် အူနိုင်းအမ်မရီရဲ့နေရာ အစားထိုး ဝင်ရောက်လာတဲ့ အာတီတာက ချာကာကို အသင်းမှာ နေရာပြန်ပေးခဲ့လာခဲပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ပြိ်ုင်ပွဲစုံ (၂၂)ပွဲအထိကို ပါဝင်ကစားထားခဲ့ရပါတယ်။ ၂၀၂၄ခုနှစ်အထိ အသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ချာကာက အသင်းပရိသတ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်သွားဖို့ စိတ်အားထက်သန်တာကြောင့် အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချာကာက “ အသင်းပရိသတ်တွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေး ရှိချင်ပါတယ်။ သူတို့နဲ့ ပိုရင်းနှီးဖို့။ ကျွန်တော်တို့က သူတို့နဲ့ တစ်ခါမှ မဆုံဖူးဘူး။ စကားမပြောခဲ့ဖူးဘူး။ သူတို့က ကျွန်တော်တို့ကို ကွင်းထဲမှာပဲ မိနစ်(၉၀)လောက် တွေ့မြင်ရပြီး နှုတ်ဆက်ခဲ့ရတယ်။ သူတို့တွေက ကျွန်တော်တို့ ဘယ်လိုလေ့ကျင့်ခဲ့ရသလဲ ဘယ်လိုစိတ်ခံစားနေရသလဲ မိသားစုတွေနဲ့ ဘယ်လိုမပြေလည်တာတွေ ရှိနေမလဲဆိုတာတွေကို မသိကြပါဘူး။ ဒီရာသီ ပြီးဆုံးရင်တော့ စာချုပ်(၂)နှစ် ကျန်နေပါသေးတယ်။ ဒီအသင်းမှာ ရှိနေသေးချိန်အထိ အရာအားလုံးကို ပေးဆပ်သွားမှာပါ။ ကျွန်တော်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေ ပိုင်ဆိုင်ရဖို့ စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဒီကနေ မထွက်ခွာခင် ကျွန်တော် အာဆင်နယ်နဲ့အတူ တစ်ခုခု အောင်မြင်ချင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။