ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ ဂရာနစ် ချာကာကတော့ သူတို့အသင်းဟာ ပြည်တွင်းလိဂ်မှာ အဆင့်၁အဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ရတော့မယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဂျေဇူး ၊ ဇင်ချန်ကို ၊ ဗီအဲရာ စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့သလို အသင်းတွင်းမှာလည်း စည်းလုံးမှု မြင့်တက်လာတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ပွဲသာ ရှိထားပါတယ်။

Photo Credit: Standard

အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ၁၀ပွဲ ကစားထားရာ ၉ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ရယူထားနိုင်တာကြောင့် အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ပြီး ပရီးမီးယားလိဂ်မှာ ၁၀ပွဲ ကစားပြီးချိန်မှာပဲ အဆင့်၂နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ရမှတ် ၄မှတ် အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တချို့က အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီလို့ သုံးသပ်လာကြပြီး အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူလည်းဖြစ် ၊ အတွေ့အကြုံ အများဆုံး ကစားသမားတွေထဲက တဦးလည်း ဖြစ်တဲ့ ချာကာကလည်း သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နိုင်စွမ်း ရှိနေပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Standard

ချာကာက – “ခင်ဗျားက ထိပ်ဆုံးနေရာကို ရောက်နေပြီ ဆိုရင် အဲ့ဒီနေရာမှာ အချိန်အကြာကြီး ဆက်ရှိနေအောင် ကြိုးစားသွားရပါမယ်။ တကယ်လို့ ကျွန်တော်တို့သာ အခုချိန်မှာ ကျွန်တော်တို့ ရှိနေတဲ့ နေရာမှာပဲ ဆက်နေနိုင်မယ်။ ပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားကြမယ် ဆိုရင် ကျွန်တော်တို့ အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲက အနားယူစရာ အချိန်ကောင်းလေး တခု ဖြစ်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့သာ အဲ့ဒီလို လုပ်နိုင်မယ် ဆိုရင် ဒါက ကျွန်တော်တို့ အတွက် အတော်ကို ကောင်းပါလိမ့်မယ်။ ကျွန်တော်တို့ကသာ ဇန်နဝါရီမှာ လူအင်အား ဖြည့်တင်းမှုတွေ ထပ်လုပ်နိုင်မယ် ဆိုရင် ကျွန်တော်တို့တွေဟာ တစုံတခုကို (ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှု) မျှော်မှန်းနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။