ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂရာနစ် ချာကာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ အာဆင်နယ်က အဝေးကွင်းမှာ နယူးကာဆယ်ကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မပြောနဲ့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့တောင် မထိုက်တန်ကြောင်း စိတ်ပျက်လက်ပျက် ငြီးတွားလာခဲ့ပါတယ်။

မြို့ခံပြိုင်ဘက် စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်(၃၆)မတိုင်မီ အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၄နေရာကို သိမ်းပိုက်ထားနိုင်သလို စပါးကိုပါ ရမှတ်အနည်းငယ် ဖြတ်တောက်ထားနိုင်တဲ့ အာဆင်နယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာကို မြို့ခံပြိုင်ဘက် စပါးဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။

Photo Credit: Daily Mail

ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၁ပွဲသာ လိုအပ်တော့ချိန်မှာ စပါးက အာဆင်နယ်ထက် ရမှတ် ၂မှတ် အသာစီး ရနေသလို ဂိုးကွာခြားချက်မှာလည်း ၁၃ဂိုး အထိ ဖြတ်ထားနိုင်တာကြောင့် အာဆင်နယ်အနေနဲ့ စပါးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရသွားဖို့ အတော်လေး ခက်ခဲနေကာ နောက်ဆုံးပွဲစဉ်မှာ နောဝှစ်ချ်က စပါးကို အနိုင်ယူနိုင်မှသာ အမြောက်တပ်သားတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိမ်မက်က ရှင်သန်လာမှာပါ။

နယူးကာဆယ် ၂-၀ အာဆင်နယ် ပွဲစဉ်အပြီးမှာတော့ အာဆင်နယ်ရဲ့ သက်တော်ရှည် ကွင်းလယ်လူ တဦး ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်တဲ့ ဂရာနစ် ချာကာကတော့ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး အတော်လေး စိတ်ပျက်နေခဲ့ကာ ဖိအားတွေအောက်မှာ မကစားနိုင်ရင် အိမ်မှာပဲ နေခဲ့ကြဖို့နဲ့ အသင်းရဲ့ လက်ရှိ ခြေစွမ်းက ယူရိုပါလိဂ်ဝင်ခွင့်နဲ့တောင် မထိုက်တန်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ချာကာက – “အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ပြောစရာ စကားလုံးကိုတောင် မရှာနိုင်တော့ပါဘူး။ ကျွန်တော်တို့က ဒီပွဲမှာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်းမှာ ပွဲအစ ၁မိနစ် ကနေ ပွဲပြီးဆုံးတဲ့ အထိ ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေက ကွင်းထဲမှာတောင် ရှိမနေသင့်တဲ့ ခြေစွမ်းမျိုး ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ ဘာကြောင့် စီစဉ်ထားတဲ့ အတိုင်း မကစားနိုင်ခဲ့တာလဲ ဆိုတာကို ကျွန်တော့်ဘက်က မရှင်းပြနိုင်တော့ပါဘူး။ ကျွန်တော်တို့ ကစားသမားတွေက နည်းပြရဲ့ ညွှန်ကြားချက်တွေကို လျစ်လျူရှုခဲ့ကြပါတယ်။ လုံးဝကို စိတ်ပျက်စရာ ကောင်းတဲ့ ကစားပုံမျိုးနဲ့ ကစားခဲ့ကြတာပါ။ တကယ်လို့ ကျွန်တော်တို့သာ ဒီကစားပုံမျိုးနဲ့ ကစားနေမယ် ဆိုရင် အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မပြောနဲ့ ယူရိုပါလိဂ်ဝင်ခွင့်နဲ့တောင် မထိုက်တန်ပါဘူး။ ကျွန်တော်ကတော့ ဒီနေ့ရလဒ်ကို လက်ခံနိုင်ဖို့ အတော်လေး ခက်ခဲနေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။