လက်ရှိမှာ ကာတာ စူပါကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်နေတဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ ပြီးခဲ့တဲ့ ၂၃ရက်နေ့မှာ သူ့ရဲ့ နည်းပြဘဝ သတ္တမမြောက် ဆုဖလားကို အရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာဗီဟာ အယ်ဆတ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက် အသင်းရဲ့ နည်းပြတာဝန်ကို ယူထားသူ ဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ အယ်ဆတ်အသင်းဟာ ကာတာနိုင်ငံရဲ့ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံရတဲ့ အထိ တိုးတက်ခဲ့ပါတယ်။

Photo Credit: AS English

ဇာဗီဟာ အယ်ဆတ်အသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာတာလိဂ် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့လက်ထက်မှာ အယ်ဆတ်အသင်းဟာ ကာတာလိဂ် ချန်ပီယံ ၁ကြိမ် ၊ ကာတာဖလား ၂ကြိမ် ၊ ကာတာလိဂ်ဖလား ၂ကြိမ် ၊ ကာတာကြယ်ပွင့်ဖလား ၁ကြိမ်နဲ့ ကာတာ စူပါဖလား ၁ကြိမ်တို့ကို ရရှိထားပါတယ်။

ဒါ့အပြင် အယ်ဆတ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ကာတာလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်နေပြီး ၇ပွဲ ကစား ၇ပွဲစလုံး နိုင်ထားကာ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

Photo Credit: AS English

ဇာဗီကတော့ အယ်ဆတ်အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်ပေမယ့် သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ ရည်မှန်းချက် ရှိသူ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း သူဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိနည်းပြ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ပြီလို့ ထင်ကြလားဗျ။