ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဆီဗီးလားနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ် ပြီးသွားရင် ဘာစီလိုနာကို စွန့်ခွာရတော့မယ့် နည်းပြချုပ် ဇာဗီက သူဟာ ဘာစီလိုနာရဲ့ နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရပေမယ့် ဘာစီလိုနာကို မုန်းသွားမှာ မဟုတ်ပဲ နောင်တချိန်မှာ ဘာစီလိုနာဆီ ပြန်လာကာ နည်းပြအဖြစ် ပြန်လုပ်ဦးမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်ဂန္တဝင် ဇာဗီက လာမာစီယာ အကယ်ဒမီထွက် ဂန္တဝင် ကစားသမား တဦး ဖြစ်ပြီး သူက သူ့ရဲ့ ကစားသမား ဘဝ တခုလုံးနီးပါးကို ဘာစီလိုနာမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး ဇာဗီဟာ ကစားသမားဘဝမှာ ဘာစီလိုနာ အတွက် ၁၇နှစ်ကြာ ကစားပေးခဲ့ရာ ချန်ပီယံလိဂ်ဖလား ၄ကြိမ် ၊ ဥရောပ စူပါဖလား ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ လာလီဂါဖလား ၈ကြိမ် ၊ ကိုပါဒယ်ရေး ၃ကြိမ် ၊ စပိန်စူပါဖလား ၆ကြိမ် စုစုပေါင်း ဆုဖလား ၂၅လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဇာဗီက ကစားသမားဘဝမှာ ကမ္ဘာ့အဆင့် ဗဟိုကွင်းလယ်လူ ဖြစ်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း သူဟာ အရည်အသွေးမြင့် နည်းပြတဦး ဖြစ်ကြောင်းကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီး ဇာဗီက ကာတာကလပ် အယ်လ်ဆတ်ကို ၂၀၁၉ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၂နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ကာတာလိဂ်ဖလား ၁ကြိမ်နဲ့ ကာတာဖလား ၂ကြိမ် စုစုပေါင်း ဆုဖလား ၃ကြိမ် ရယူနိုင်ခဲ့ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်ပဲ ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာက ဇာဗီကို သူတို့ရဲ့ နည်းပြချုပ် အဖြစ် အားကိုးတကြီး ခေါ်ယူ ခန့်အပ်ခဲ့ပြီး ဇာဗီဟာ ဘာစီလိုနာကို ၂ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် လာလီဂါဖလား ၁ကြိမ်နဲ့ စပိန်စူပါဖလား ၁ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

ဇာဗီက ၂နှစ်ခွဲ အတွင်းမှာ ဘာစီလိုနာ အတွက် ဆုဖလား ၂လုံး ရယူပေးနိုင်ခဲ့သလို ဂါဗီ ၊ ယာမယ်လ် ၊ ကူဘာဆီ စတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် ဇာဗီဟာ ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လာပေါ်တာ ဦးဆောင်နေတဲ့ ဘာစီလိုနာဘုတ်အဖွဲ့က ဇာဗီကို ရာထူးကနေ ထုတ်ပယ်ပြီး ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

Photo Credit: Transfer Market

ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဆီဗီးလားနဲ့ ဘာစီလိုနာတို့ရဲ့ ရာသီအပိတ်ပွဲက ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘဝ နောက်ဆုံးပွဲ ဖြစ်ပြီး ဇာဗီကတော့ ဘာစီလိုနာရဲ့ နည်းပြချုပ်ရာထူးကနေ ဖယ်ရှားခံလိုက်ရပေမယ့် ဘာစီလိုနာကို မုန်းတီးသွားမှာ မဟုတ်ပဲ တချိန်မှာ ဘာစီလိုနာဆီ နည်းပြအဖြစ်နဲ့ ပြန်လာခဲ့မယ်လို့ ဆိုလာပါတယ်။

ဇာဗီက – “တနေ့မှာ ကျွန်တော်က ဘာစီလိုနာဆီ ပြန်လာချင်ပါတယ်။ ဘာစီလိုနာက ကျွန်တော့်အတွက် တဘဝလုံး ချစ်သွားမယ့် ကလပ်ပါ။ ဒါကိုလည်း ကျွန်တော်က အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်တော်က ဘယ်တော့မှ ဘာစီလိုနာကို မေ့ပစ်လိုက်မှာ မဟုတ်သလို တနေ့မှာ အသင်းဆီ ပြန်လာခွင့် ရမယ့် အခွင့်အရေးမျိုး ရလာရင်လည်း ငြင်းဆန်သွားမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။