စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုကို တဂိုးစီ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းက သရေရလဒ် ရခဲ့တာဟာ ကွင်းလယ်ဒိုင်ကြောင့် မဟုတ်လို့ ကွင်းလယ်ဒိုင်ကို အပြစ်မတင်ချင်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာ ၁-၁ အက်စ်ပန်ညို ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး လီဝန်ဒေါစကီး ၊ ပီဒရီ ၊ ဒီဂျောင် ၊ ရာဖင်ဟာတို့ ဦးဆောင် ကစားလာတဲ့ ဘာစီလိုနာက အက်စ်ပန်ညိုကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ကာ ဂိုးသွင်းခွင့် အမြောက်အမြားလည်း ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှုကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Goal

အဆိုပါပွဲမှာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၇မိနစ်မှာ ဗဟိုနောက်ခံလူ အဖြစ် ကစားခဲ့တဲ့ ဘယ်နောက်ခံလူ အလွန်ဆိုက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဦးဆောင်ဂိုး ရရှိပြီးနောက် ဘာစီလိုနာက နောက်ထပ် အနိုင်သေချာစေမယ့် သွင်းဂိုး ထပ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အဲ့ဒီနောက် ပွဲချိန် ၇၂မိနစ်မှာတော့ အလွန်ဆိုက အက်စ်ပန်ညို တိုက်စစ်မှူး ဂျိုဆီလူကို ဖျက်ထုတ်မိရာ ကနေ ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဂျိုဆီလူကပဲ အမှားအယွင်း မရှိ ကန်သွင်းကာ အက်စ်ပန်ညိုအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Goal

အလွန်ဆိုက ဂျိုဆီလူရဲ့ ဖနောင့်ကို နင်းမိခဲ့တာကြောင့် ကွင်းလယ်ဒိုင် မာတူက အက်စ်ပန်ညိုကို ပင်နယ်တီ ပေးခဲ့တာ ဖြစ်ပေမယ့် ဘောလုံးရေးရာ သုံးသပ်သူတွေက ဒိုင်လူကြီး မာတူရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ကြောင်း ပြောနေကြသလို ဒိုင်လူကြီး မာတူရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဘာစီလိုနာဟာ နစ်နာခဲ့ရတယ်လို့ သုံးသပ်နေကြပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ပရိသတ်တွေက အက်စ်ပန်ညိုနဲ့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင် မာတူကို ဝေဖန်နေကြပေမယ့် ဘာစီလိုနာ နည်းပြဖြစ်သူ ဇာဗီက အက်စ်ပန်ညိုနဲ့ သရေကျခဲ့တဲ့ ပွဲအတွက် ကွင်းလယ်ဒိုင်ကို အပြစ်မတင်လိုကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ဇာဗီက – “မာတူက အမြဲတမ်းလိုလို ပွဲကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ ကွင်းလယ်ဒိုင် တယောက်ပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူက ပွဲကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ သူက ကစားသမားတွေကို သူဟာ ပွဲကို အပြည့်အဝ ထိန်းချုပ်ထားကြောင်းနဲ့ ပွဲကို လွှမ်းမိုးနိုင်စွမ်း ရှိကြောင်းကို ပြသနိုင်တဲ့ ကွင်းလယ်ဒိုင် အနည်းစုထဲက တဦးပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သူက သူ့ရဲ့ ပုံစံကောင်းကို မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အခုလို ဖြစ်ခဲ့လို့ သူ့ကို အပြစ်မတင်ချင်ပါဘူး။ ဒီနေ့ပွဲမှာ သရေကျခဲ့တာဟာ ကျွန်တော်တို့ရဲ့ အမှားတွေကြောင့်ပါ။ ကျွန်တော်ကတော့ ဒီလိုပဲ ယူဆထားပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။