ရလဒ်ဆိုးတွေ ထွက်ပေါ်နေတဲ့အပြင် အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကြားမှာလည်း အဆင်မပြေမှုလေးတွေ ဖြစ်ပေါ်လာခဲ့ချိန်မှာ ဘာစီလိုနာအသင်းဟာ နည်းပြဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်ပြီးတော့ ကာတာကလပ် အယ်ဆတ်မှာ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းဇာဗီကို အစားထိုးခန့်အပ်တော့မယ်ဆိုကာ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပေမယ့် ဇာဗီကတော့ သူရဲ့လက်ရှိအသင်းနဲ့ သက်တမ်းတိုးမြင့်ခဲ့ပြီး ကောလဟာလတွေလည်း အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Opera News

တကယ်တမ်းတော့ ဇာဗီကိုယ်တိုင်ကိုက သူရဲ့အသင်းဟောင်းဆီ နည်းပြအဖြစ်နဲ့ ပြန်လည်ကိုင်တွယ်ချင်နေသလို အသင်းဘက်ကလည်း သူ့ကိုနည်းပြရာထူး ပေးအပ်ချင်နေပေမယ့် မလွယ်ကူနိုင်သေးတဲ့ အခြေအနေဖြစ်နေတာကြောင့် လက်ရှိမှာ ဒီကိစ္စက အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဘာတိုမြူကတော့ ဇာဗီဟာ လာမယ့်အနာဂတ်မှာ ဘာစီလိုနာအသင်းဆီကို နည်းပြတစ်ဦးအဖြစ် အနှေးနဲ့အမြန် ရောက်ရှိလာလိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

ဘာတိုမြူက “ဇာဗီက ဘာစီလိုနာရဲ့နည်းပြဖြစ်လာလိမ့်မယ်။ အနှေးနဲ့အမြန်ပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ကျွန်တော်တို့တွေ နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဆက်တီယန် ရှိနေပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ချန်ပီယံလိဂ်ပွဲတွေကိုရော လက်ကျန် လာလီဂါပွဲစဉ်(၂)ပွဲလုံးကိုပါ ဆက်လက်ကိုင်တွယ်ပေးသွားဦးမှာပါ။ ဒီနှစ်ဘောလုံးရာသီကတော့ တမူထူးခြားနေရပါတယ်။ လာမယ့်သြဂုတ်လအထိကို အသင်းက ပြိုင်ပွဲတွေ ဆက်တိုက်ကစားရဦးမှာ ဖြစ်သလို ဆက်တီယန်ကလည်း သြဂုတ်လအထိ အသင်းကို ဆက်လက်တာဝန်ယူနေဦးမှာပါ။ တကယ်လို့ ကျွန်တော်တို့တွေ နာပိုလီကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ သူက လစ္စဘွန်းမှာ ရှိနေတော့မှာပါ(လစ္စဘွန်းမြို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှ ဖိုင်နယ်အထိ တောက်လျှောက်ကျင်းပမှာဖြစ်ပါတယ်)။ လာမယ့်ဘောလုံးရာသီမှာလည်း ဆက်တီယန်ပဲ အသင်းကို ဆက်လက်ကိုင်တွယ်ဖုုိ့ ကျွန်တော်ဆွေးနွေးပြောဆိုထားပါသေးတယ်။ သူဒီမှာ ဆက်ရှိလိမ့်မယ်လို့ ထင်ပါတယ်။ သူ့ဆီက အဖြေကိုလည်း ကြားရဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။