စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူရမှာ ဖြစ်သလို ဘိုင်ယန်မြူးနစ်ကို လက်စားပြန်ချေပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဘာစီလိုနာက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အင်တာမီလန် ၊ ဘိုင်ယန်မြူးနစ် ၊ ဗစ်တိုးရီးယား ပါလ်ဇန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုပွဲစဉ်(၄) အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အုပ်စု တတိယနေရာကို ရောက်ရှိနေကာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ လက်ကျန် ၂ပွဲစလုံးမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါတယ်။

Photo Credit: Foot The Ball

ဘာစီလိုနာက အုပ်စုပွဲစဉ်(၄) အပြီးမှာ အုပ်စု ပထမနေရာမှာ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရမှတ် ၈မှတ် ၊ ဒုတိယနေရာမှာ ရှိနေတဲ့ အင်တာမီလန်နဲ့ ရမှတ် ၃မှတ် အထိ ကွာဟနေတာကြောင့် နောက်တဆင့် တက်ဖို့ အခွင့်အလမ်း နည်းပါးနေပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီနဲ့ အသင်းသားတွေကတော့ နိုင်ပွဲတွေ ရယူကာ နောက်ဆုံးချိန် အထိ ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ယနေ့ညမှာတော့ ဘာစီလိုနာဟာ သူတို့အသင်းရဲ့ ခါးသီးပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ဘာစီလိုနာနည်းပြ ဖြစ်သူ ဇာဗီကတော့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ သူတို့ဟာ ဥရောပရဲ့ အင်အားကြီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဆိုတာကို သက်သေပြသွားမှာ ဖြစ်သလို နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှုတွေမှာ တောက်လျှောက် အရေးနိမ့်ထားတဲ့ ဘိုင်ယန်မြူးနစ်ကို ပြန်လည် လက်စားချေမယ်လို့ ဆိုလာပါတယ်။

Photo Credit: Foot The Ball

ဇာဗီက – “ဒီပွဲက ကျွန်တော်တို့အသင်းနဲ့ လီဝမ်ဒေါစကီး အတွက် ဘိုင်ယန်မြူးနစ်ကို လက်စားပြန်ချေမယ့် ပွဲတပွဲပါ။ လီဝမ်ဒေါစကီးက မြူးနစ်မြို့မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ သူက သွင်းဂိုးတွေ ရအောင် ကြိုးစားဖို့ အဆင်သင့်ပါပဲ။ ဘိုင်ယန်မြူးနစ်က ကျွန်တော်တို့ အတွက် အတော်ကို ခက်ခဲတဲ့ ပြိုင်ဘက်အသင်း ဖြစ်လာမယ် ဆိုတာ သေချာပါတယ်။ သူတို့က ကြံ့ခိုင်မှုပိုင်း တောင့်တင်းသလို အလုပ်ကြိုးစားတဲ့ အသင်းပါ။ ကျွန်တော်တို့ကတော့ ဘိုင်ယန်မြူးနစ်ကို ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တသင်းလို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ရဲ့ အဆင့်အတန်းမျိုးမှာ ရှိနေတယ် ဆိုတာကို နိုင်ပွဲနဲ့အတူ သက်သေပြသွားပါမယ်” လို့ ကြုံးဝါးသွားခဲ့တာပါ။