စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် အုပ်စု တတိယနေရာကိုသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းသွားခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ် စတဲ့ အသင်းတွေနဲ့ အုပ်စုEအတွင်း ကျရောက်နေခဲ့ရာ ၁၆သင်းအဆင့်ကို အလွယ်တကူ တက်ရောက်နိုင်လိမ့်မယ် လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ရမှတ် ၇မှတ်သာ ရရှိခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာပါ။

Photo Credit: Daily Mail

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်လက် ရှင်သန်ခွင့် ရဖို့ အတွက် အရေးကြီးဆုံး ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အနိုင်ရလဒ် ရရှိဖို့ ကြိုးစား ရုန်းကန်ခဲ့ပေမယ့် နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟချက် အလွန်အမင်း ကြီးမားနေတာကြောင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်ရှိသွားပြီ ဖြစ်သလို သူတို့အသင်းရဲ့ အစဉ်အလာ ၊ လူအင်အားပိုင်းကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ အပြိုင် ရေပန်းစားနေပါတယ်။

Photo Credit: Daily Mail

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ကနေ အမှတ်ခွဲဝေယူဖို့ အတွက် ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်ရှိခဲ့ချိန်မှာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဇာဗီက – “ဒီပွဲကို ရှုံးနိမ့်ခဲ့တဲ့ အတွက် စိတ်တိုမိပါတယ်။ ဒါပေမယ့် ဒါကပဲ ကျွန်တော်တို့အသင်းရဲ့ လက်ရှိ အခြေအနေပါ။ ဒါကို ကျွန်တော်တို့ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ အတွက် ခေတ်သစ် တခုက ဒီနေ့မှာပဲ စတင်ခဲ့ပါပြီ။ ကျွန်တော်တို့ အားလုံး သုညဘဝ ကနေ ပြန်လည် စတင်ရပါတော့မယ်။ ဘာစီလိုနာအသင်းရဲ့ ဦးစားပေးက ချန်ပီယံလိဂ်ပြိုင်ပွဲပါပဲ။ ယူရိုပါလိဂ်ပြိုင်ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲကို ရောက်နေပါပြီ။ ဒါကြောင့် ယူရိုပါလိဂ်ချန်ပီယံ ဖြစ်အောင် မဖြစ်မနေ ကြိုးပမ်းရပါတော့မယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။