အယ်လ်ဆတ် နည်းပြ၊ ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဇာဗီက ဘာစီလိုနာ အသင်းဟာ အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းပဲ ဖြစ်ဖြစ်၊ လီဗာပူးလ် တောင်ပံလူ မာနေးပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ မခေါ်ယူသင့်ပါဘူးလို့ သတိပေး ပြောကြားသွားပါတယ်။ ဇာဗီဟာ လက်ရှိမှာတော့ ကွာတာနိုင်ငံက အယ်လ်ဆတ်အသင်းကို နည်းပြလျက် ဖြစ်ပြီး (၂၀၁၈-၁၉) ခုနှစ်က ပရီးမီးယားလဂ် ရွှေဖိနပ်ကို ရရှိခဲ့တဲ့ အူဘားမိယန်း နဲ့ မာနေးတို့က ဘာစီလိုနာ နည်းပြ ဆက်တီယန်ရဲ့ ကစားကွက်မှာ အံ့ဝင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Photo Credit: TheSun

ဘာစီလိုနာအသင်းဟာ လီဗာပူးလ် ပစ်မှတ် တီမို ဝါနာ၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ အာဂျင်တီးနား လက်ရွေးဖော် အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလျက် ရှိပြီး လာမယ့် အပြောင်းအရွေ့ ဈေးကွက်မှာ ချဉ်းကပ်သွားဖွယ် ရှိပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်အင်အား ထပ်ဖြည့်ဖို့ တိုက်စစ်မှူးအသစ်ကို ရှာဖွေနေဆဲ ဖြစ်ပြီး ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်း ဇာဗီကတော့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် ကြယ်ပွင့် အူဘားမိယန်း နဲ့ မာနေးကို မခေါ်ယူသင့်ပါဘူးလို့ ပြောပါတယ်။

Photo Credit: TheSun

အယ်လ်ဆတ် နည်းပြ ဇာဗီက “မာနေး နဲ့ အူဘားမိယန်းက နေရာကျယ်မှာ ဆိုရင် ဘယ်လို ကစားသမားမျိုးကို မဆို ကျော်ဖြတ်နိုင်မှာပါ။ ဒါပေမဲ့လည်း ဘာစီလိုနာအသင်းက အဲဒီလို ကစားသမားမျိုးကို မလိုအပ်ဘဲ နေရာကျဉ်းမှာ ဘယ်လို ရွေ့လျားရမလဲ ဆိုတာကို သိတဲ့ ကစားသမားမျိုသာ လိုအပ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အံ့ဝင်နိုင်မယ့် ကစားသမားတွေ အကြောင်းကို ကျွန်တော် တွေးလိုက်မိတော့ တစ်ယောက်ကိုတောင် ရှာတွေ့ဖို့ တကယ် မလွယ်ကူဘူး ဆိုတာ ကျွန်တော် သိလိုက်တယ်။ တိုက်စစ်မှူး အီတူးက လုံးဝ အံ့ဝင်တဲ့ ကစားသမား ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း တိုက်စစ်မှူး ဆွာရက်စ်က အံ့ဝင်နေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။