စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘာစီလိုနာရဲ့ ဂန္တဝင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ဘာစီလိုနာမှာ ထပ်မံ မြင်တွေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက သူ့ရဲ့ ကစားသမား ဘဝ တခုလုံးနီးပါးကို ဘာစီလိုနာနဲ့သာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး သူဟာ ဘာစီလိုနာရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: Metro

ဒါပေမယ့် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာတော့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီထံ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

လီယွန်နယ် မက်ဆီက အမ်ဘာပေ ၊ နေမာ ၊ ဗာရက်တီတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတဲ့ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့ရပေမယ့် နေရာအသစ် ၊ နိုင်ငံအသစ် ၊ ကလပ်အသစ်မှာ အသားကျဖို့ ရုန်းကန်နေရကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင် ပီအက်စ်ဂျီအတွက် လီဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး ၆ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မက်ဆီဟာ ပီအက်စ်ဂျီမှာ မပျော်မရွှင် ဖြစ်နေကြောင်း သုံးသပ်ထားကြပြီး ဘာစီလိုနာရဲ့ နည်းပြလည်းဖြစ် ၊ မက်ဆီရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ အရင်းနှီးဆုံး မိတ်ဆွေလည်း ဖြစ်တဲ့ ဇာဗီကတော့ သူဟာ မက်ဆီကို ဘာစီလိုနာမှာ ဒုတိယအကြိမ် ပြန်လည် မြင်တွေ့ချင်ကြောင်းနဲ့ မက်ဆီကို ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ယူချင်ကြောင်း ဆိုလာပါတယ်။

ဇာဗီက – “ကျွန်တော်ကတော့ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမား ဘဝကို အဆုံးမသတ်စေချင်သေးပါဘူး။ ကျွန်တော်က မက်ဆီဟာ နောက်ထပ်တကြိမ် ဘာစီလိုနာ ကစားသမား အဖြစ် ကစားဖို့ ထိုက်တန်မှု ရှိပါတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို အသင်းမှာ ထပ်မြင်ချင်ပါတယ်။ ဒါကြောင့် တကယ်လို့ ကျွန်တော့်ကိုသာ မက်ဆီကို ပြန်လာစေချင်လား မေးရင် အဖြေကတော့ ရက်စ်ပါ” လို့ ပြောကြားသွားခဲ့တာပါ။