စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို ဘာစီလိုနာရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူချင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် တဦး ဖြစ်သူ ရူဘင် ရူရာက ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားတဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ဘာစီလိုနာရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ်ပါ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Metro

မက်ဆီက ဘာစီလိုနာရဲ့ အဓိကကျတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အမှတ်မထင်ပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရကာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

မက်ဆီက သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး ဘာစီလိုနာမှာသာ ကစားခဲ့တာကြောင့် သူ့ရဲ့ ပထမဦးဆုံး ပြင်သစ်မြေ စွန့်စားခန်းဟာ အတော်လေး ကြမ်းတမ်းခဲ့ပြီး မက်ဆီက ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ သူ့ဘဝရဲ့ အဆိုးဝါးဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ရသလို တဖက်မှာလည်း ဘာစီလိုနာက အခုချိန်အထိ မက်ဆီရဲ့ ကွက်လပ်ကို မဖြည့်တင်းနိုင်သေးပါဘူး။

Photo Credit: Metro

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ နည်းပြလည်းဖြစ် မက်ဆီရဲ့ အရင်းနှီးဆုံး မိတ်ဆွေထဲက တဦးလည်း ဖြစ်တဲ့ ဇာဗီက သူတို့အသင်းရဲ့ ကြယ်ပွင့်ဟောင်းကို အသင်းဆီ ပြန်လည် ခေါ်ယူချင်နေပြီး ဇာဗီက ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ တကယ်လို့ အခွင့်အရေး ရခဲ့ရင် မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ရူဘင် ရူရာက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြသွားခဲ့ပါတယ်။

ရူဘင် ရူရာရဲ့ ဖော်ပြချက်အရ ဇာဗီက မက်ဆီကို အသင်းဆီ ပြန်ခေါ်ကာ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ပီဒရီ ၊ ဖာတီ ၊ ဂါဗီ ၊ ဖာရန်း တောရက်စ်တို့ကို လက်တွဲခေါ်ခိုင်းဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူ တချို့ကလည်း မက်ဆီထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် မက်ဆီကို ခေါ်ယူဖို့ဟာ ခက်ခဲဖို့ ရှိနေကြောင်း သိရပါတယ်။