ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန် ကစားသမားလေး တာကီဖူဆာ ကူဘိုဟာ ကမ္ဘာ့အဆင့်ရှိ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဂျပန်လက်ရွေးစင် ညာတောင်ပံ ကစားသမား ကူဘိုဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်လောက်ကတည်းက ဘာစီလိုနာရဲ့ လာမာစီယာ လူငယ် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီကနေမှ ဂျပန် ဂျေလိဂ်ကလပ် အက်စ်စီတိုကျိုကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano X

၂၀၁၉ခုနှစ်မှာတော့ ကူဘိုကို ရီးယဲလ်မက်ဒရစ်က (၅)နှစ်စာချုပ်နဲ့ ခေါ်ယူပြီး စပိန်မြေဆီ ပြန်လည် ခေါ်ဆောင်ခဲ့ပေမယ့်လည်း ကူဘိုက ရီးယဲလ်မှာ ကစားခွင့်မရပဲ မာယော့ကာ ဗီလာရီးယဲလ် ဂီတာဖေးတို့မှာသာ အငှား ကစားသမားအဖြစ် ကျင်လည်ခဲ့ရင်း ၂၀၂၂မှာတော့ ဆိုစီဒက်အသင်းဆီ အပြီးသတ် ရောင်းချခံခဲ့ရပါတယ်။

အခုတော့ ကူဘိုဟာ ဆိုစီဒက်အသင်းရဲ့ ပထမဆုံး ဂျပန် ကစားသမား အသင်းအတွက် အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် ဒီရာသီမှာလည်း အသင်းအတွက် (၁၄)ပွဲကစား (၅)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : SPORTbible

ဒီကစားသမားနဲ့ ပတ်သက်ပြီး ဘာစီလိုနာ နည်းပြ ဇာဗီက “ကူဘိုက ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဆိုတာ ယုံလိုက်ပါ။ ဘောလုံး ခြေထောက်မှာ ရှိနေချိန်ရော ဘောလုံး မရှိနေတဲ့အချိန်မှာပါ သူရဲ့ ကစားဟန်က ထိပ်တန်းအဆင့်မျိုး။ သူက ဂိုးတွေလည်း သွင်းတယ်။ ဖန်တီးမှုတွေလည်း လုပ်ဆောင်ပေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ကူဘိုဟာ ဆိုစီဒက်အသင်းနဲ့ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ (၄၄)ပွဲအထိ ကစားရခဲ့ပြီး (၉)ဂိုး သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာဆိုရင်လည်း ကူဘိုဟာ off the ball movements တွေနဲ့ key passes တွေ အလွန်ကောင်းမွန်လျက် ရှိနေကာ အလိမ်အခေါက်စွမ်းရည် နဲ့ ဘောလုံးသယ်ယူမှုလည်း သေချာ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။