စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါအဖွင့်ပွဲမှာ ဘာစီလိုနာနဲ့ ဗယ်လက်ကာနိုတို့ နာမည်ကျော် နူးကမ့်ကွင်းမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀အတွင်းမှာ နိုင်ပွဲအနည်းဆုံး ဘာစီလိုနာနည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ရကြောင်း သိရပါတယ်။

ဘာစီလိုနာက လာလီဂါအဖွင့်ပွဲစဉ် အဖြစ် ဗယ်လက်ကာနိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရသလို အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် ဗယ်လက်ကာနိုကို အနိုင်ယူဖို့ လုံလောက်တဲ့ သွင်းဂိုးတွေ မရရှိခဲ့ပဲ ဗယ်လက်ကာနိုကတော့ အဝေးကွင်းမှာ ဘာစီလိုနာရဲ့ တိုက်စစ်ကို အကောင်းဆုံး ခုခံ ကစားသွားနိုင်ခဲ့ပြီး အဖိုးတန် ရမှတ် ၁မှတ်ကို သိမ်းပိုက် ရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာက ကစားသမားသစ်တွေ ဖြစ်တဲ့ လီဝမ်ဒေါစကီး ၊ ရာဖင်ဟာ ၊ ကတ်ဆေး ၊ ခရစ်တန်ဆန် စတဲ့ ကစားသမားတွေကို အသုံးပြုခဲ့သလို အသင်းရဲ့ အဓိက ကစားသမား အစုံကို ပွဲထုတ်ကာ တရစပ် ဖိအားပေး ကစားခဲ့ပေမယ့် ဗယ်လက်ကာနိုရဲ့ ခံစစ်ကြောင်းနဲ့ ဂိုးသမားတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပထမဦးဆုံး ပွဲမှာတင် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရပါတယ်။

ဗယ်လက်ကာနိုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ ဇာဗီရဲ့ ဘာစီလိုနာ နည်းပြဘဝ ၃၇ပွဲမြောက်ပွဲ ဖြစ်ခဲ့ပြီး ဇာဗီရဲ့ လက်အောက်မှာ ဘာစီလိုနာက ပြိုင်ပွဲစုံမှာ ၃၇ပွဲ ကစားခဲ့ရာ ၂၀ပွဲနိုင် ၉ပွဲသရေ ၈ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ တပွဲပျမ်းမျှ သွင်းဂိုး ပမာဏဟာ ၁.၇ဂိုး ရှိခဲ့ပါတယ်။

Photo Credit: Squawka

ဒါကြောင့်ပဲ ဇာဗီရဲ့ ဘာစီလိုနာ နည်းပြဘဝ နိုင်ပွဲရာခိုင်နှုန်းကို တွက်ချက်ကြည့်ရင် စုစုပေါင်း ၅၂.၆၃ ရာခိုင်နှုန်းသာ ရှိခဲ့တာကို တွေ့ရှိရပြီး အဆိုပါ နိုင်ပွဲရာခိုင်နှုန်းကြောင့်ပဲ ဇာဗီဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀အတွင်းမှာ ဘာစီလိုနာရဲ့ နိုင်ပွဲရရှိမှု အနည်းဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီဟာ ယခုမှ စတင်တာကြောင့် ဇာဗီအနေနဲ့ သူတို့အသင်းရဲ့ အားကောင်းလာတဲ့ လူစာရင်းကို အသုံးပြုပြီး လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်မယ် ဆိုရင်တော့ ဒီလို စံချိန်မှတ်တမ်းဆိုး ကနေ လွတ်မြောက်ဖို့ ရှိနေပါတယ်။