စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တပွဲ အဖြစ် အင်တာမီလန်နဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ဟာ အင်တာမီလန်ကို အသာစီး ရစေတဲ့ ဆုံးဖြတ်ချက်တွေချည်းပဲ ချမှတ်သွားခဲ့ကြောင်း ပွဲအပြီးမှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဘာစီလိုနာက ချန်ပီယံလိဂ် အုပ်စု တတိယပွဲစဉ် အဖြစ် အင်တာမီလန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်းနဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီး ရခဲ့ပေမယ့် အင်တာမီလန်က တန်ပြန်တိုက်စစ် ကနေ ရခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ချာဟာနိုဂလူးရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ဘာစီလိုနာကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အဖိုးတန် နိုင်ပွဲတပွဲကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: BBC

အင်တာမီလန် ၁-၀ ဘာစီလိုနာပွဲစဉ်မှာ ဘာစီလိုနာက တပွဲလုံးနီးပါး အင်တာမီလန်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရသလို ပွဲကစားချိန် ၆၆မိနစ်မှာ ကွင်းလယ်လူ ပီဒရီဟာ ဘာစီလိုနာ အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် ပီဒရီ တယောက် ဂိုးမသွင်းခင်မှာ အသင်းဖော် အန်ဆု ဖာတီဟာ ဘောလုံးကို မတော်တဆ လက်နဲ့ ထိမိခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဗင်ဆစ်က ပီဒရီရဲ့ သွင်းဂိုးကို ခွင့်ပြုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ကွင်းလယ်ဒိုင် ဗင်ဆစ်ရဲ့ ဆုံးဖြတ်ချက် တချို့ဟာ အိမ်ရှင် အင်တာမီလန်ကို အသာစီး ရစေခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့ပြီး ဗင်ဆစ်က ဘာစီလိုနာရဲ့ ပင်နယ်တီ ရနိုင်တဲ့ အခွင့်အရေးတွေကို လျစ်လျူရှုခဲ့သလို အင်တာမီလန် ကစားသမား တချို့ရဲ့ ခပ်ကြမ်းကြမ်း ဖြတ်ထုတ်မှုတွေကိုလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ငြင်းဆန်ခဲ့ကာ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ကွင်းလယ်ဒိုင် ဗင်ဆစ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဒေါသထွက်နေခဲ့ပြီး သူတို့အသင်းဟာ မမျှတတဲ့ ပွဲတပွဲကို ကစားခဲ့ရတာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ကျွန်တော်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အတော်လေးကို ဒေါသထွက်ခဲ့ပါတယ်။ (ပီဒရီရဲ့ ဂိုးနဲ့ ပတ်သတ်ပြီး) ဒိုင်တွေကတော့ အန်ဆု ဖာတီ တယောက် လက်ထိခဲ့လို့ လက်ထိဘော ဖြစ်ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဖာတီက ဘောလုံးကို မတော်တဆ ထိမိခဲ့တာ ဖြစ်သလို သွင်းဂိုးကိုလည်း တခြားတယောက်က သွင်းခဲ့တာပါ။ ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကွင်းလယ်ဒိုင်နဲ့ စကားပြောချင်ပါသေးတယ်။ အခုချိန်မှာတော့ ကျွန်တော်က အတော်လေး ဒေါသထွက်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ မတရား လုပ်ခံရသလို ခံစားနေရပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။ ကျွန်တော်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘယ်လိုမှ မကျေနပ်ပါဘူး။ ဒါကြောင့်လည်း သူ့ကို ဒီလို မီဒီယာတွေ ကနေ တဆင့် သူ့ရဲ့ ဆုံးဖြတ်ချက်အကြောင်း ပြန်လည် ဖြေရှင်းပေးဖို့ ပြောချင်ပါတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပါ။