စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်(၂၄)မှာ အက်စ်ပန်ညိုကို အနိုင်မရခဲ့ပေမယ့် လာလီဂါ ချန်ပီယံ အိမ်မက်ကို မစွန့်လွှတ်သေးဘူးလို့ ပွဲအပြီးမှာပဲ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ လာလီဂါ ချန်ပီယံဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ပွဲစဉ်(၂၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၅မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Football Espana

ဘာစီလိုနာဟာ ပွဲစဉ်(၂၄) အဖြစ် အက်စ်ပန်ညိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်း သိသိသာသာ အသာစီး ရယူနိုင်ခဲ့ခြင်း မရှိသလို တိုက်စစ်မှူး ဒီဂျောင်ရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့်သာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ကံကောင်းစွာ ရမှတ် ၁မှတ် စုဆောင်းနိုင်ခဲ့တာပါ။

ဒါပေမယ့် ဘာစီလိုနာ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ အက်စ်ပန်ညိုကို အနိုင်ရအောင် ကစားနိုင်ခဲ့သင့်ကြောင်း မချိတင်ကဲ ပြောကြားလာခဲ့ပြီး သူတို့အသင်းက လာလီဂါ ချန်ပီယံဆုကို လက်မလွှတ်သေးကြောင်းလည်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Football Espana

ဇာဗီက – “ဒီပွဲက ကျွန်တော်တို့တွေ မဖြစ်မနေ အနိုင်ယူခဲ့သင့်တဲ့ ပွဲတပွဲပါ။ ကျွန်တော်တို့က ဒီပွဲမှာ အစကောင်းခဲ့ပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့တောင် ဦးဆောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ၂-၁ ဆိုတဲ့ ရလဒ် ပြန်ဖြစ်သွားခဲ့ပြီး ကျွန်တော်တို့က ကံကောင်းလို့သာ ၁မှတ် ရရှိခဲ့တဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဒီပွဲကို အတော်လေး လွှမ်းမိုးနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကတောင် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ အက်စ်ပန်ညိုက အခွင့်အရေး ၂ကြိမ် ၊ ၃ကြိမ်လောက်ပဲ ရခဲ့ပေမယ့် သူတို့က ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ အတွက် လိဂ်ချန်ပီယံ ဖြစ်ဖို့ ဆိုတာ အတော်လေး ခက်ခဲသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နောက်မဆုတ်သေးဘူး။ ချန်ပီယံဖြစ်နိုင်ဖို့ အဆုံးထိ ဆက်ကြိုးစားသွားပါမယ်” လို့ ပြောကြားခဲ့တာပါ။