စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီနဲ့ အီတလီ စီးရီးအေ နာမည်ကြီးကလပ် နာပိုလီရဲ့ နည်းပြဖြစ်သူ စပါလက်တီတို့ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၁-၁ နာပိုလီ ပွဲစဉ်မှာ ဘာစီလိုနာဘက်က ရရှိသွားတဲ့ ပင်နယ်တီနဲ့ ပတ်သတ်ပြီး အမြင်မတူကြပဲ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။

ယူရိုပါလိဂ် ၃၂သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ဧည့်သည် နာပိုလီက ပွဲကစားချိန် ၂၉မိနစ်မှာပဲ ကွင်းလယ်လူ ဇီလင်စကီးရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၅၉မိနစ်မှာတော့ အိမ်ရှင် ဘာစီလိုနာဘက်က ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို တိုက်စစ် ကစားသမား ဖာရန်း တောရက်စ်က အမှားအယွင်း မရှိ ကန်သွင်းကာ အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Express

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာဟာ နာပိုလီဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အမြား ရခဲ့ပေမယ့် ဖာရန်း တောရက်စ်ရဲ့ အပိုင် အခွင့်အရေးတွေ ဖြုန်းတီးမှု ၊ နာပိုလီရဲ့ ကစားပုံ မာကျောမှုတို့ကြောင့် သွင်းဂိုးတွေ ရဖို့ ခက်ခဲခဲ့ပြီး ပင်နယ်တီသာ မရခဲ့ရင် အရှုံးရလဒ်နဲ့တောင် ရင်ဆိုင်ရနိုင်တဲ့ အခြေအနေပါ။

ဘာစီလိုနာရဲ့ ပင်နယ်တီကတော့ ပွဲကစားချိန် ၅၇မိနစ် ဝန်းကျင်မှာ တောင်ပံကစားသမား ထရာအိုရေးရဲ့ ဂိုးဧရိယာအတွင်း ဖြတ်တင်ပေးပို့မှုကို နာပိုလီ နောက်ခံလူ ဂျီးဆပ်က တားဆီးဖို့ ကြိုးစားရာ ကနေ ဘောလုံးက သူ့ရဲ့လက်ကို ထိမှန်ခဲ့တာကြောင့် ရရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီကြောင့်ပဲ ဇာဗီနဲ့ စပါလက်တီတို့ ကြားထဲမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit: Express

နာပိုလီဘက်က လက်ထိဘော ဖြစ်ခဲ့တာကြောင့် ပင်နယ်တီ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပေမယ့် နာပိုလီနည်းပြ စပါလက်တီ ကတော့ ဘောလုံးဟာ သူ့ရဲ့ ကစားသမားလက်ကို ထိမှန်ခဲ့ပေမယ့် ဘောလုံးလမ်းကြောင်း မပြောင်းသွားတာကြောင့် ပင်နယ်တီ မပေးသင့်ဘူးလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ စပါလက်တီက – “ဒီဖြစ်ရပ်က ပင်နယ်တီ ပေးသင့်တဲ့ ဖြစ်ရပ်တခု မဟုတ်ပါဘူး။ ဘောလုံးက လမ်းကြောင်းပြောင်းသွားတာမှ မဟုတ်ပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

တဖက်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက စပါလက်တီရဲ့ ပြောကြားမှုကို လက်မခံပဲ လက်ထိဘောတိုင်းကို ပင်နယ်တီ ပေးသင့်ကြောင်း ဘတ်စ်ကတ်ဘောနဲ့ ဥပမာပေး ပြောကြားသွားခဲ့ပါတယ်။ ဇာဗီက – “ကျွန်တော်ကတော့ လက်ထိဘောတိုင်းကို ပင်နယ်တီ ပေးသင့်တယ်လို့ ယူဆပါတယ်။ ဘောလုံးပွဲမှာ လက်ကို အသုံးပြုတာက ဘတ်စ်ကတ်ဘောပြိုင်ပွဲမှာ ခြေထောက်သုံးသလိုမျိုးပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။