MySport Myanmar

PSG နဲ့ သက်တမ်းမတိုးဖြစ်တော့ပဲ PSV ကိုသာ အပြီးသတ် ပြောင်းသွားခဲ့တဲ့ ဇာဗီဆီမွန်စ်

ပီအက်စ်ဂျီအသင်းရဲ့ နယ်သာလန် ဆယ်ကျော်သက်ကစားသမားလေး ဇာဗီဆီမွန်စ်ဟာ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီနဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုပြီး နယ်သာလန်ကလပ် PSV အသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားဖို့ အစီအစဉ်မျိုး ရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့က ပျက်ပြယ်ခဲ့ပြီး OSV အသင်းဆီကိုသာ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့သာ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Twitter

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ နယ်သာလန် ကွင်းလယ်ကစားသမားလေး ဇာဗီဆီမွန်စ်ဟာ ဘာစီလိုနာရဲ့ လာမာစီယာ လူငယ်အကယ်ဒမီမှာပါ (၉)နှစ်နီးပါးလောက် ဘောလုံးပညာတွေ သင်ကြားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ ပီအက်စ်ဂျီအသင်းဆီ (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူး(၆)ပွဲ ပြည်တွင်းရှုံးထွက်ပွဲ (၃)ပွဲထိ ပါဝင်နိုင်ခဲ့တဲ့ ဆီမွန်စ်လေးဟာ ဒီနှစ်ထဲမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့နဲ့ သူရဲ့မွေးရပ်မြေ ကလပ်အသင်းဖြစ်တဲ့ PSV အသင်းဆီမှာ တစ်ရာသီ အငှားချသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Twitter

နယ်သာလန် ယူ-၁၉ ကစားသမားလေး ဆီမွန်စ်ဟာ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးပြီး PSV မှာ အငှားနဲ့ လာရောက်ကစားဖြစ်ဖို့ နီးစပ်နေခဲ့ရင်းကနေ နောက်ဆုံးမှာတော့ မမျှော်လင့်ပဲ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုသွားမယ့် စာချုပ်သစ်ကိစ္စက ပျက်ပြယ်သွားခဲ့ရပြီး PSV အသင်းဆီကိုလည်း အငှားအပြောင်းအရွှေ့နဲ့ မဟုတ်တော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ပြင်သစ်သတင်းမီဒီယာကြီးတစ်ခုရဲ့ ဖော်ပြချက်မှာတော့ ဆီမွန်စ်ကို သက်တမ်းမတိုးနိုင်လို့ အလွတ် ထွက်ခွာခွင့်ပြုလိုက်ရတဲ့ ပီအက်စ်ဂျီအသင်းက ကစားသမားကို တစ်ချိန်ချိန်မှာ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့် ထည့်သွင်းပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အခုတော့ ဆီမွန်စ်ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း ကိုင်တွယ်နေတဲ့ PSV အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ အပြီးသတ် ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဆီမွန်စ်မှာ PSV အသင်းမှာတော့ ပွဲကစားခွင့်တွေ အရေအတွက်များစွာ ရရှိလာနိုင်သလို နောင်တချိန်မှာလည်း PSV ထက် မြင့်မားတဲ့ ကလပ်အသင်းတွေဆီကိုပါ ထပ်မံ ရောက်ရှိသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version