ဥရောပ ထိပ်သီးကလပ်အသင်းတွေများစွာ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့ နယ်သာလန်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဇာဗီ ဆီမွန်စ်ကတော့ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲ လိုက်ပ်ဇစ်အသင်းကိုသာ ရွေးချယ်သွားခဲ့တယ်လို့ Sky Germany ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ နယ်သာလန် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဇာဗီ ဆီမွန်စ်ဟာ ၂၀၁၀ခုနှစ်မှာပဲ ဘာစီလိုနာ လူငယ်အကယ်ဒမီ လာမာစီယာကို ရောက်ရှိခဲ့တာဖြစ်ပြီး လာမာစီယာမှာ (၉)နှစ်လောက်အထိ ကျင်လည်ပြီးချိန်မှာပဲ ဘာစီလိုနာနဲ့ စာချုပ်ကိစ္စ အဆင်ပြေဖြစ်နေရာကနေ ပီအက်စ်ဂျီက ခေါ်ယူခဲ့ပါတယ်။
Photo Credit : Goal
ဆီမွန်စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၂၂ခုနှစ်မှာတော့ နယ်သာလန်ကလပ် PSV အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ နယ်သာလန်မြေဆီ ပြန်ရောက်လာခဲ့တဲ့ ဆီမွန်စ်ဟာ PSV အသင်းနဲ့ အကောင်းဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရင်း တစ်ရာသီထဲ သွင်းဂိုး (၂၂)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။
ဒီလို ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆီမွန်စ်ကို ကလပ်အသင်း များစွာက စိတ်ဝင်စားလာချိန်မှာပဲ ပီအက်စ်ဂျီက PSV ဆီ ရောင်းချစဉ် ထည့်သွင်းခဲ့တဲ့ ယူရို (၆)သန်းတန် buy back clause နဲ့ အသင်းဆီ ပြန်လည် ခေါ်ယူခဲ့ပြီး လိုက်ပ်ဇစ်အသင်းဆီ အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ တစ်ရာသီ အငှားချလိုက်ပါတယ်။
Photo Credit : theScored
လိုက်ပ်ဇစ်အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ဆီမွန်စ်ဟာ အခုတော့ လိုက်ပ်ဇစ်နဲ့ အငှားသက်တမ်း ကုန်ဆုံးသွားချိန် သူ့ကို ဘိုင်ယန်မြူးနစ် မန်ယူနိုက်တက်တို့လို ကလပ်အသင်းတွေက ခေါ်ယူချင်ပြီး အဓိကတော့ ဘိုင်ယန်အသင်းက ဆီမွန်စ်ကို ခေါ်ယူနိုင်ဖို့ အတော်လေး ကြိုးစားအားထုတ်ခဲ့ပါတယ်။
အခုတော့ ဆီမွန်စ်က လာမယ့်ရာသီမှာ သူပါဝင်ကစားသွားမယ့် အသင်းအဖြစ် လိုက်ပ်ဇစ်အသင်းကိုပဲ ရွေးချယ်လိုက်ပါတယ်။ ပီအက်စ်ဂျီကလည်း ဆီမွန်စ်ကို လိုက်ပ်ဇစ်အသင်းဆီ နောက်တစ်ရာသီ အငှားချသွားမှာဖြစ်ပြီး ပထမ အငှားချထားသလို buy option ကတော့ ပါဝင်မှာ မဟုတ်ပဲ လာမယ့် ၂၀၂၅ နွေမှသာ ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ ရောင်းချဖို့ ရှိနေပါတယ်။