MySport Myanmar

ထရာအိုရေးက သူ့အတွက် ပြီးပြည့်စုံတဲ့ တောင်ပံကစားသမားတစ်ဦးလို့ ဇာဗီ အမွှမ်းတင်

မနေ့ညက ယှဉ်ပြိုင်သွားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေကိုပါ ပြသသွားနိုင်ခဲ့တဲ့ တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို ဘာစီလိုနာနည်းပြ ဇာဗီက သူ့အတွက် ပြီးပြည့်စုံတဲ့ တောင်ပံကစားသမားတစ်ဦးလို့ ချီးကျူး အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Africa News

ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်း ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ထားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက လာလီဂါပွဲအဖြစ် အသက်လက်တီကိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အယ်လ်ဘာ ဇာဗီ အာရူဟို အဲလ်ဗက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိပါ ရောက်ရှိသွားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်မှာ ဆောင်းစျေးကွက်အတွင်း ခေါ်ယူထားခဲ့တဲ့ အဲလ်ဗက်စ် ဖယ်ရန်တောရက်စ်တို့အပြင် ထရာအိုရေးကိုပါ ပွဲထုတ်လာခဲ့သလို အော်ဘာမီယန်းကိုပါ ဒုတိယပိုင်းမှာ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit : ESPN

လာမာစီယာ အကယ်ဒမီထွက် စပိန်တောင်ပံကစားသမား ထရာအိုရေးဟာ သူရဲ့အသင်းဟောင်းအတွက် ပြန်လည်ကစားခွင့်ရတဲ့ ပွဲစဉ်မှာပဲ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ဒုတိယမြောက် သွင်းဂိုးဖြစ်တဲ့ ဂါဗီရဲ့ သွင်းဂိုးမှာပါ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ ထရာအိုရေးကို နည်းပြဇာဗီက “အဒမ်မာက တော်တော်လေးကို ရင့်ကျက်လာပါပြီ။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာအရ ဆိုရင်လည်း သူက သားရဲ ဘီလူးတစ်ကောင်လိုပါပဲ။ တစ်ဦးချင်း တွေ့ဆုံနေရတဲ့ အခြေအနေတွေမှာဆိုရင် မင်းသူ့ကို အနိုင်ယူလို့ မရနိုင်ဘူး။ အဒမ်မာက ငါ့အတွက်တော့ ပြီးပြည့်စုံတဲ့ တောင်ပံကစားသမား တစ်ယောက်ပါ။ သူက ငါတို့အသင်းအတွက် အရမ်းကို ကောင်းမွန်လာလိမ့်မယ်လို့ ငါယုံကြည်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ထရာအိုရေးကို ဝုလ်ဗ်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာလည်း အပြီးသတ် ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အခုလို အသင်းနဲ့ ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ ထရာအိုရေးကို ဘာစီလိုနာအသင်းက သေချာပေါက် အပြီးသတ် ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Exit mobile version