စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ သူတို့အသင်းရဲ့ အယ်ကလပ်စီကို ဒါဘီပွဲဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဒါဘီပွဲတွေ အနက် အကြီးကျယ်ဆုံး ဒါဘီပွဲ ဖြစ်ကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

စပိန်နိုင်ငံရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာက သမိုင်းကြောင်းအရရော ၊ နိုင်ငံရေး အရပါ ပြိုင်ဆိုင်မှု ရှိတဲ့ အသင်းတွေ ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်က စပိန်နိုင်ငံရဲ့ တော်ဝင်မိသားစုကို ကိုယ်စားပြုချိန်မှာ ဘာစီလိုနာက စပိန်နိုင်ငံထဲ ကနေ ခွဲထွက်ချင်နေတဲ့ ကတ်တလန်တာဒေသကို ကိုယ်စားပြုတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: The Analyst

ဒါကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်က သာမန် ဘောလုံးအသင်း နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မျိုး မဟုတ်ပဲ စပိန်တော်ဝင်မိသားစုနဲ့ ကတ်တလန်တာဒေသခံတွေ ထိပ်တိုက် တွေ့ဆုံတဲ့ အသေးစား စစ်ပွဲ တခုနဲ့ ဆင်တူပါတယ်။

ဒီအချက်ကြောင့်ပဲ ဘောလုံးကမ္ဘာမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်ကလပ်စီကို ဒါဘီပွဲကို ကမ္ဘာ့အကောင်းဆုံး ဒါဘီပွဲတွေထဲက တပွဲ အဖြစ် သတ်မှတ်ထားကြပါတယ်။

Photo Credit: Marca

ဘောလုံးလောကထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ အင်္ဂလန်ဒါဘီ ၊ ဆဲလ်တစ်နဲ့ ရိန်းဂျားတို့ရဲ့ စကော့တလန်ဒါဘီ ၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ရဲ့ ဂျာမန်ဒါဘီ စတဲ့ အခြား နာမည်ကျော် ဒါဘီပွဲတွေလည်း ရှိသေးပေမယ့် ဇာဗီကတော့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဒါဘီပွဲဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဒါဘီပွဲ ဖြစ်ကြောင်း ဆိုလာပါတယ်။

ဇာဗီက – “ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေထဲက တခု ဖြစ်တယ် ဆိုတဲ့ စကားကို လက်ခံပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုလားလို့ မေးရင်တော့ သေချာ မဖြေနိုင်ပါဘူး။ သေချာတာ တခုကတော့ ကလပ်အသင်း အဆင့်မှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်က အကြီးကျယ်ဆုံးပွဲပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။