စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း အတွက် ပုံမှန် ကစားခွင့် ရနေသလို ပီအက်စ်ဂျီ ၂-၃ ဘာစီလိုနာ ပွဲစဉ်မှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ လူငယ်ခံစစ်မှူး ကူဘာဆီဟာ ကမ္ဘာ့အဆင့် ဗဟိုနောက်ခံလူ ဖြစ်နေပြီလို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၁၇နှစ် အရွယ် စပိန်လူငယ်ကြယ်ပွင့် ကူဘာဆီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် အရည်အသွေးမြင့် လူငယ်ခံစစ်မှူး တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဇာဗီရဲ့ စင်တင်ပေးမှုနဲ့အတူ ဘာစီလိုနာ အတွက် တောက်လျှောက် ကစားခွင့် ရနေပါတယ်။

Photo Credit: Goal

ကူဘာဆီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး ကူဘာဆီက လျင်မြန်ကာ ပြိုင်ဘက် တိုက်စစ်မှူးတွေကို တဦးချင်း လူကပ်ကစားရာမှာလည်း ထူးချွန်ပါတယ်။

ယမန်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၂-၃ ဘာစီလိုနာ ပွဲစဉ်မှာလည်း ကူဘာဆီက အာရူဟိုနဲ့ တွဲဖက်ကာ ဘာစီလိုနာရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခွင့် ရခဲ့သလို ကူဘာဆီက ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို အကောင်းဆုံး ထိန်းချုပ်ပြသွားခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဇာဗီက ကူဘာဆီဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမယ့် ကမ္ဘာ့အဆင့်ခြေစွမ်းကို ပိုင်ဆိုင်နေပြီလို့ ပြောကာ ချီးကျူးစကား ဆိုသွားခဲ့တာပါ။ ဇာဗီက – “ပါအူ ကူဘာဆီဟာ မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမားလေးပါ။ သူက ကမ္ဘာ့အဆင့် နောက်ခံလူ ဖြစ်နေပါပြီ။ ၁၇နှစ်ပဲ ရှိသေးတဲ့ ကောင်လေးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီလိုမျိုး ကစားပြခဲ့တာက သာမန်ကိစ္စလေး တခု မဟုတ်ပါဘူး။ ကျွန်တော့်မှာ သူ့ကို ချီးကျူးဖို့ အတွက် စကားလုံးတောင် ရှာလို့ မရတော့ပါဘူး။ သူက ထိပ်တန်းအဆင့်ကို ရောက်နေပါပြီ။ သူက သူ့ထက် အသက်ကြီးတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်” လို့ ပြောကာ ကူဘာဆီကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။