ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု(C)ရဲ့ အုပ်စုပွဲ တပွဲ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ဘိုင်ယန်မြူးနစ်က အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဟာနန်ဒက်ဇ် ၊ ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာကို အနိုင်ရရှိကာ အုပ်စုရဲ့ ထိပ်ဆုံးနေရာကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

ယခုတပတ်မှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲတွေ အနက် အကောင်းဆုံးပွဲ အဖြစ် သတ်မှတ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်ဟာ ပရိသတ်တွေ မှန်းထားကြသလိုပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပြီး နှစ်သင်းစလုံးက အပိုင် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် နှစ်ဖက်ဂိုးသမားတွေရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ သွင်းဂိုးတွေ များများစားစား မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ ကစားကွက်ပိုင်း အရ ဘာစီလိုနာက အနည်းငယ် အသာစီး ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း တန်ပြန်တိုက်စစ် ကစားအားနဲ့ ဘာစီလိုနာကို ထိုးနှက်သွားခဲ့ပြီး ဘိုင်ယန်မြူးနစ် နောက်ခံလူ ဟာနန်ဒက်ဇ်ရဲ့ ပွဲချိန် ၅၀မိနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် သွင်းယူနိုင်ခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုး ၊ ဆာနေးရဲ့ ပွဲချိန် ၅၄မိနစ်မှာ တကိုယ်တော် ခြေစွမ်းတွေနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရရှိသွားခဲ့တာပါ။

ဘာစီလိုနာကတော့ ဘိုင်ယန်မြူးနစ်ကို ၂ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ ပရိသတ်တွေ အထင်ကြီးလောက်မယ့် ခြေစွမ်းမျိုးတွေ ပြသသွားနိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်ထက် ပိုကောင်းခဲ့တဲ့ အသင်း ဖြစ်ပြီး အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့်သာ ရှုံးနိမ့်ခဲ့ရတာပါလို့ ပွဲအပြီးမှာ မချိတင်ကဲ ပြောကြားသွားပါတယ်။

Photo Credit: Standard

ဇာဗီက – “ခင်ဗျားက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်ရင် နေရာတိုင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ထက် ဒီနေ့ပွဲမှာ ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ် ကျတဲ့ တချို့ ဆုံးဖြတ်ချက်တွေက ဒီနေ့ပွဲရဲ့ အနိုင် ၊ အရှုံးကို ဆုံးဖြတ်ပေးသွားတာပါ။ ကျွန်တော်တို့က ကိုယ်လုပ်မိခဲ့တဲ့ အမှားတွေ အတွက် ပြန်လည် ပေးဆပ်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ အတွက် သင်ခန်းစာ တခုပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။