ဘာစီလိုနာအသင်းဟာ မနေ့က မက်စ်တဲလားကွင်းမှာ အိမ်ရှင် ဗလင်စီယာအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ရပြီးနောက် ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က သူတို့အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိနေပြီလို့ ပြောကြားသွားခဲ့ပါတယ်။

အခုဆိုရင် ဘာစီလိုနာအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲအတွင်း လုံးဝကို နိုင်ပွဲပျောက်ဆုံးထားခဲ့ရပြီး ဂျီရိုနာကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားသလို အန့်ဝပ်ကိုလည်း ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ အရှုံးပေးခဲ့ရပါတယ်။ အခုလည်း ဗလင်စီယာကို အသာစီး ကစားထားပြီးမှ သရေကျခဲ့ရပြန်ပါတယ်။

Photo Credit : CNA

ဒီလို ရမှတ် (၂)မှတ် လက်လွက်လိုက်ရပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဇာဗီကတော့ “ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ။ နိုင်ပွဲရရှိဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေကိုလည်း ရရှိခဲ့ပါတယ်။ သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့တာက ကျွန်တော်တို့ကို စိတ်ပျက်စေရပေမယ့် ကျွန်တော်တို့ ပိုပြီး တိုးတက် ကောင်းမွန်လာမှာပါ။”

“သရေတစ်မှတ်ကတော့ ကျွန်တော်တို့အတွက် ဘယ်လိုမှ မလုံလောက်ပါဘူး။ ဒီပွဲကို ဖိုင်နယ်ပွဲတစ်ပွဲလို သတ်မှတ်ထားတာပါ။ ထိရောက်တဲ့ ကစားပုံတွေ ကင်းမဲ့နေတာကလည်း ပုံမှန်မဟုတ်ပါဘူး။ ခံစစ်ပိုင်းမှာ အင်အားမရှိတာက အဆိုးဆုံး ဖြစ်နေတယ်လို့ ကျွန်တော် ထင်မိပါတယ်။”

Photo Credit : VnExpress

“အခုအချိန်ကတော့ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ ဝေဖန်စိစစ်ရတော့မယ့် အချိန် ဖြစ်နေသလို တစ်ဦးချင်းစီကနေ လုပ်ဆောင်နိုင်သမျှကို အခုထက်မက ပိုမို လုပ်ဆောင်ပေးသွားရပါတော့မယ်။ အဝတ်လဲခန်း တစ်ခုလုံးကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေရတယ်။”

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီပွဲမှာ အကောင်းဆုံးလည်း ကစားနိုင်ခဲ့တယ်။ နိုင်ပွဲတစ်ပွဲ ရရှိဖို့အတွက် လုံလောက်အောင် ကစားနိုင်ခဲ့တာကြောင့်ပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာ ရှိနေပေမယ့် ဂျီရိုနာ ရီးယဲလ်တို့ထက် တစ်ပွဲပိုကစားထားပြီး ရီးယဲလ်နဲ့ (၄)မှတ် ဂျီရိုနာနဲ့ (၆)မှတ်အထိ ကွာဟလို့နေပါတယ်။