MySport Myanmar

အသင်းရဲ့ ပထမပိုင်း ခြေစွမ်းက လက်ခံနိုင်စရာကို မရှိဘူးလို့ ဇာဗီ ညည်းတွား

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်က တန်းဆင်းဇုန်ထဲက အယ်လ်မီရီယာအသင်းကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်အတွင်းမှာ အသင်းရဲ့ ပထမပိုင်း ကစားဟန်တွေက လုံးဝ လက်ခံနိုင်စရာ မရှိအောင် ဆိုးရွှားခဲ့တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေရတဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါမှာ လုံးဝ နိုင်ပွဲမရှိသေးပဲ ဇယားအောက်ခြေ ရောက်ရှိနေသော အယ်လ်မီရီယာအသင်းနဲ့ တွေ့ဆုံစဉ်မှာလည်း ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အသင်းခေါင်းဆောင် ရောဘတ်တိုရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The European Lad

ဒီပွဲရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဧည့်သည်အသင်းဘက်ကို ထိုးဖောက်မှုတွေ အမြောက်အများ လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ထိုးဖောက်မှုများက ထိရောက်မှု မရှိခဲ့သလို လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်တွေကလည်း အသင်းပရိသတ်များကို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

“ပထမပိုင်း ကစားပုံက လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကို ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းမှာ ပြောခဲ့တယ်။ ငါတို့တွေ ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသဖို့ လိုနေပြီလို့ အသင်းသားတွေကို ကျွန်တော် ပြောခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုပြီး သေသေချာချာ ကစားလာနိုင်တယ်။”

Photo Credit : Barca Universal

“ဒီလိုမျိုးတွေက ယုံကြည်မှုတွေ ပျောက်ဆုံးနေချိန် နဲ့ ဖိအားတွေနဲ့ ကစားရချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိတက်ပါတယ်။ တကယ်ဆိုရင် ဒီလိုပွဲမျိုးက (2-0) (3-0) ဆိုတဲ့ ပြတ်ပြတ်သားသား ရလဒ်တွေ ထွက်ပေါ်ရမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့မှာက ပြီးခဲ့တဲ့ ရာသီတုန်းကလို စိတ်ဓါတ်မျိုးတွေ ပျောက်ကွယ်နေရသလိုပါပဲ။”

“ကျွန်တော်တို့မှာ အာရုံစိုက်မှု နဲ့ အင်တိုက်အားတိုက် ကစားခဲ့တာတွေ လျော့နည်းနေခဲ့တယ်။ ဒါက လက်မခံနိုင်စရာပါ။ ကျွန်တော် ကစားသမား မှာတယ်။ ထိရောက်မှု မရှိတဲ့ ပုံစံမျိုးနဲ့ ငါတို့ ကစားနေလို့ မရဘူး။ ကျားခုတ်ကျားခဲ ကစားမှဖြစ်မယ်။ မဟုတ်ရင် ငါတို့တွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ရတယ်။” လို့ ဇာဗီက ပြောကြားသွားခဲ့ပါတယ်။

Exit mobile version