မကြာသေးမီကမှ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဇာဗီ ကတော့ သူဟာ ဘာစီလိုနာအသင်းဆီ မပြောင်းလာခင်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ နည်းပြလောကထဲကို လွန်ခဲ့တဲ့ ၂နှစ်ကမှ စတင် ဝင်ရောက်ခဲ့သူ ဖြစ်ပေမယ့် ကာတာကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်ချိန်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ အဆက်မပြတ် တိုက်စစ်ဆင် ကစားတဲ့ ကစားဟန်တခုကို ချပြနိုင်ခဲ့သလို ဆုဖလားပေါင်း ၇လုံး အထိ အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ အများအပြား ရှိခဲ့ပြီး လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရည်ရွယ်ထားတဲ့ ဘရာဇီးလ်အသင်းက ဇာဗီကို နည်းပြအဖြစ် ခန့်အပ်ဖို့ အစောဆုံး ချဉ်းကပ်ခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဘဝ ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ဇာဗီက သူဟာ ဘရာဇီးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း အတည်ပြုသွားခဲ့ပြီး ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာကြောင့်သာ ဘရာဇီးလ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ ကျွန်တော် ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တာ အမှန်ပါ။ ဆွေးနွေးမှု ကတော့ ပထမ တနှစ်မှာ တီတီကို ကူညီမယ်။ ပြီးရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အသင်းကို ဆက်လက် တာဝန်ယူသွားဖို့ပါ။ ကျွန်တော့်ရဲ့ အိမ်မက်က ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ပါပဲ။ ဒါကြောင့်လည်း ကျွန်တော်က ဘာစီလိုနာအသင်းဆီ ရောက်လာတာပေါ့။ ကျွန်တော်က ဒီအလုပ် အတွက် အဆင်သင့် ဖြစ်နေပြီ လို့ ခံစားရသလို ၊ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ပြောကြားခဲ့တာပါ။