စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ ၂နှစ်ဆက် ရှုံးနိမ့်ထားရတဲ့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကို ဂျာမန်မြေမှာ အနိုင်ယူပြီး သမိုင်းသစ် ရေးထိုးမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့က ယနေ့ည ၁နာရီ ၃၀မိနစ် အချိန်မှာ ချန်ပီယံလိဂ် အုပ်စု(C)ရဲ့ ဒုတိယမြောက် အုပ်စုပွဲ အဖြစ် ဘိုင်ယန်မြူးနစ်ရဲ့ အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး နှစ်သင်းစလုံးက အုပ်စု(C)ရဲ့ အုပ်စုဗိုလ်နေရာကို လုရမယ့် အသင်းတွေ ဖြစ်တာကြောင့် ဒီနေ့ပွဲဟာ အုပ်စုဗိုလ်လုပွဲ အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်း ၅သင်းထဲက တသင်း ဖြစ်သလို ပြီးခဲ့တဲ့ ၂ရာသီဆက်တိုက် ဘာစီလိုနာကို ဂိုးပြတ် အနိုင်ရထားတာကြောင့် ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်က အိမ်ရှင် အားသာချက်နဲ့ ဘာစီလိုနာကို အသာစီး ရယူနိုင်ဖို့ ဖိအားပေး ကစားဖို့ ရှိနေသလို ဘာစီလိုနာကလည်း သူတို့ရဲ့ ရှုံးကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားလာမှာ အသေအချာပါပဲ။

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ သူတို့အသင်းကို ၂နှစ်ဆက်တိုက် အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ဒုက္ခပေးနိုင်ဖို့ မျှော်လင့်နေပြီး သူတို့ဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူကာ သမိုင်းသစ် ရေးထိုးမယ်လို့လည်း ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ်အား အဝေးကွင်းမှာ အနိုင်ယူမယ့် အကြောင်းကို ဇာဗီက – “ကျွန်တော်တို့က မနက်ဖြန်မှာ ကစားမယ့်ပွဲကို (ယနေ့ည ၁နာရီ ၃၀မိနစ်မှာ ကစားမယ့်ပွဲ) အနိုင်ယူနိုင်ဖို့ စိတ်ကူးအိမ်မက် ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ကို အနိုင်ယူပြီးတာနဲ့ သမိုင်းသစ်ကို ဖန်တီးပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။