စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပေမယ့် လက်ကျန် ပြိုင်ပွဲတွေ ဖြစ်တဲ့ လာလီဂါ ၊ ကိုပါဒယ်ရေးနဲ့ ယူရိုပါလိဂ်တို့မှာ ဆုဖလားတွေ ရရှိအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာက ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ အင်တာမီလန် ၊ ဗစ်တိုးရီးယား ပါလ်ဇန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုပွဲစဉ်(၅) အပြီးမှာပဲ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိခဲ့တာကြောင့် အုပ်စု တတိယနေရာနဲ့ ကျေနပ်ရဖို့ ကျိန်းသေသွားခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရတော့မှာပါ။

Photo Credit: Goal

ဒါကြောင့်ပဲ စပိန် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ယူရို ၂၀၀သန်း ဝန်းကျင် အထိ သုံးစွဲကာ အသင်းကို အင်အားဖြည့်တင်းခဲ့ပေမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ ဘာစီလိုနာနဲ့ အသင်းနည်းပြ ဇာဗီတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ဘာစီလိုနာ ပရိသတ်တချို့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးခဲ့တာကြောင့် နည်းပြဇာဗီကို ရာထူးကနေ ထုတ်ပယ်သင့်ကြောင်း တောင်းဆိုလာပါတယ်။

ဇာဗီကတော့ သူတို့အသင်းဟာ ကျပ်တည်းတဲ့ အုပ်စုအတွင်းကို ကျရောက်ခဲ့ရတာကြောင့် ယခုလိုမျိုး အုပ်စုအဆင့်မှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာပါလို့ အကြောင်းပြချက် ပေးထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် လက်ကျန်ပြိုင်ပွဲတွေမှာ ဆုဖလားတွေ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီက – “ကျွန်တော်တို့က လက်ကျန် ဆုဖလားတွေ အတွက် နောက်လကနေ စပြီး တိုက်ပွဲဝင်သွားပါမယ်။ ကျွန်တော်တို့မှာ ယူရိုပါလိဂ် ၊ လာလီဂါနဲ့ ကိုပါဒယ်ရေးတို့လို ဖလားပြိုင်ပွဲတွေ ကျန်နေပါသေးတယ်။ ကျွန်တော်တို့အသင်းက ဆုဖလားတွေ အားလုံးကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဆုဖလားတွေ ရဖို့ ရည်ရွယ်ပြီး ဆက်လက် ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေ မကောင်းခဲ့ပေမယ့် ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ လာလီဂါမှာတော့ ပွဲစဉ်(၁၁) အပြီးမှာ ၉ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားသလို ရမှတ် ၂၈မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။