MySport Myanmar

ယူနိုက်တက်သာ ကမ်းလှမ်းရင် ချက်ချင်း လက်ခံသွားဖို့ ရှိနေတဲ့ ဇာဗီ

ဘာစီလိုနာနည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကိုသာ ရရှိခဲ့ပါက ချက်ချင်းပဲ လက်ခံပါလိမ့်မယ်လို့ နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် INEOS အဖွဲ့ကသာ လက်ရှိနည်းပြ ရူဘင် အာမိုရင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဇာဗီကို သင့်တော်တဲ့သူလို့ သတ်မှတ်ခဲ့မယ်ဆိုရင် အမြန်ဆုံးလှုပ်ရှားဖို့ လိုအပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စပိန်နည်းပြကို ဆော်ဒီကလပ် အယ်လ်အီတီဟတ်အသင်းကလည်း ခေါ်ယူဖို့ စဉ်းစားနေလို့ဖြစ်ပါတယ်။

Photo Credit : United in Focus

နည်းပြ အာမိုရင်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ထပ်မံကျယ်လောင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့တစ်ပတ်က ချယ်လ်ဆီးကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရခဲ့တာကြောင့် ဖိအားတွေကနေ ခေတ္တလွတ်မြောက်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က သူ့ကို ဝေဖန်မှုတွေရဲ့ ထိပ်ဆုံးဆီ ပြန်လည်ပို့ဆောင်လိုက်တာပါပဲ။

လာမယ့် စနေနေ့မှာ ရင်ဆိုင်ရမယ့် တန်းတက်ကလပ် ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ကလွဲပြီး တခြားရလဒ်တစ်ခုသာ ထွက်ပေါ်ခဲ့မယ်ဆိုရင် အာမိုရင်အတွက် မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဇာဗီဟာ ၂၀၂၄ ခုနှစ် မေလက ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးကတည်းက နည်းပြလောကနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆုနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

Photo Credit : Football Transfer

ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ဇာဗီဟာ အင်္ဂလိပ် ပရီးမီးယားလိဂ်ကို လေ့လာနေပြီး ဥရောပရဲ့ အပြိုင်ဆိုင်ဆုံးလိဂ်မှာ သူ့ရဲ့အရည်အသွေးကို စမ်းသပ်ချင်နေတယ်လို့ သိရပါတယ်။”ဇာဗီနဲ့ မန်ချက်စတာ ယူနိုက်တက်အကြောင်း မေးခွန်းတွေ ကျွန်တော်အများကြီးရပါတယ်။ ဇာဗီက ပရီးမီးယားလိဂ်ကို လေ့လာစောင့်ကြည့်နေပါတယ်။ ပြီးတော့ ဇာဗီက ဥရောပပွဲကစားခွင့်မရရင်တောင် မန်ချက်စတာ ယူနိုက်တက်ကို ချက်ချင်းလာပါလိမ့်မယ်။ သူက ပရီးမီးယားလိဂ်ကို ချက်ချင်းလာမှာဖြစ်ပြီး ဒီအခွင့်အရေးကို အရမ်းလိုချင်နေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဇာဗီနဲ့ ယူနိုက်တက်ကြားမှာ ဘာမှမရှိသေးပါဘူး” လို့ ရိုမာနိုက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Exit mobile version