စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်(၁၆)မှာ ဘက်တစ်အသင်းကို အိမ်ကွင်း နူးကမ့်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ အတွက် ပျော်ရွှင်မိကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီအစမှာ ရလဒ်တွေ တောက်လျှောက် ဆိုသလို ဆိုးဝါးခဲ့တာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေပေမယ့် ဘာစီလိုနာအသင်းဟာ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ လိုအပ်နေတဲ့ ရမှတ်ကို စုဆောင်းနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာ အထိ ဆင်းပေးလိုက်ရပါတယ်။

Photo Credit: ESPN

နူးကမ့်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ဘက်တစ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဘက်တစ်အသင်းရဲ့ မထင်မှတ်ထားတဲ့ တန်ပြန်တိုက်စစ် ကနေ တဆင့် ရရှိခဲ့တဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ အမှတ်ဗလာနဲ့ ကျန်ရစ်ခဲ့ရပါတယ်။

ဒါပေမယ့် အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၃ရာခိုင်နှုန်း အထိ ရရှိခဲ့သလို ဂိုးသွင်းခွင့် အမြောက်အမြားလည်း ဖန်တီးနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ရှုံးပွဲအတွက် မစိုးရိမ်ပဲ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့လည်း အသင်းရဲ့ ကစားပုံ အတွက် ဂုဏ်ယူသင့်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: ESPN

ဇာဗီက – “ ကျွန်တော်တို့တွေ မရှုံးသင့်ပဲ ရှုံးခဲ့ရလို့ စိတ်ပျက်မိပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေက ဗီလာရီးရဲလ် အသင်းနဲ့ ပွဲစဉ်ကလို ကံကောင်းမှုမျိုးတွေ မရခဲ့ပါဘူး။ ကျွန်တော်တို့တွေ ပေးလိုက်ရတဲ့ ပေးဂိုးလိုမျိုး သွင်းဂိုးတွေကို ဂိုးမပေးရအောင် တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းကပဲ အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိခဲ့ပြီး နိုင်ပွဲမရခဲ့လို့လည်း ရှက်မိပါတယ်။ ပရိသတ်တွေ ကတော့ ကျွန်တော်တို့ရဲ့ ကစားပုံ အတွက် ဂုဏ်ယူကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ဘက်တစ်အသင်းက အနိုင်ဂိုး ရသွားခဲ့တဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ တခါတလေတော့ ကစားသမားတွေက ပွဲရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ပြစ်ဒဏ်ဘောတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့တွေ ဒါကို မလုပ်ခဲ့တာကြောင့် ပေးဂိုး ခွင့်ပြုခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပါ။