စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၁-၄ ဘာစီလိုနာ ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ကို ဝါရင့် ကွင်းလယ်လူ တဦးအတိုင်း ဦးဆောင် ကစားနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ပီဒရီကို ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ်လူ အဖြစ် အမည်တပ်ကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီ အစမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာဟာ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ရလဒ်ကောင်းတွေ တဖြည်းဖြည်းနဲ့ ရရှိလာခဲ့ပြီး ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဘာစီလိုနာရဲ့ အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ပြန်လည် မြင်တွေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: Marca

အထူးသဖြင့် ဇာဗီရဲ့ လက်အောက်မှာ ဘာစီလိုနာဟာ သူတို့အသင်းရဲ့ အမှတ်အသား တခုလို့ ဆိုရမယ့် တီကီတာကာ ကစားဟန်ကို ပြန်လည် အသက်သွင်းခဲ့ပြီး တီကီတာကာ ကစားဟန်ကို အသုံးပြုနေတာကြောင့်ပဲ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ ပီဒရီ ၊ ဂါဗီ ၊ ထရာအိုရေးတို့ရဲ့ ခြေစွမ်းကလည်း ပိုမို ပေါ်လွင်လာပါတယ်။

ဇာဗီကတော့ ဗလင်စီယာကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ဦးဆောင် ကစားပြီး ဂိုးဖန်တီးမှု တကြိမ်လည်း ပြုလုပ်နိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ပီဒရီက ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ်လူ ဖြစ်ကြောင်းနဲ့ ပီဒရီမှာ ပါလာတဲ့ ပါရမီကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ကမ္ဘာပေါ်မှာ ပီဒရီရဲ့ ပါရမီကို ယှဉ်နိုင်တဲ့ ကစားသမား မရှိပါဘူး။ သူက အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ သူ့ရဲ့ လှည့်ထွက်ပုံတွေ ၊ ချိန်သားကိုက် ကစားနိုင်မှုတွေ အားလုံးက ပြီးပြည့်စုံပါတယ်။ သူက ထိပ်တန်း ကစားသမား တဦးပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ်လူတောင် ဖြစ်နိုင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။