စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘီလ်ဘာအိုကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိပြီးနောက် အသင်းရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ပီဒရီကို သူ့ရဲ့ အသင်းဖော်ဟောင်း အင်နီယေစတာနဲ့ ခိုင်းနှိုင်းကာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါ ပွဲစဉ်(၂၆) အဖြစ် ဘီလ်ဘာအိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရာ အူဘာမီယန်း ၊ ဒမ်ဘီလီ ၊ လုခ်ဒီဂျောင်နဲ့ ဒီပေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: The Sun

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာ ကစားသမား အတော်များများဟာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ကြကာ လူငယ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ပီဒရီရဲ့ ခြေစွမ်းက အထူး ပြောစရာ ဖြစ်ခဲ့ပြီး ပီဒရီဟာ ပွဲစဉ်တလျှောက်လုံး ဘီလ်ဘာအိုဘက်ကို အဆက်မပြတ် ထိုးဖောက်နိုင်ခဲ့သလို တဖက် ကစားသမားတွေက သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားရာကနေ ဘာစီလိုနာ ကစားသမားတွေဟာ နေရာလွတ်တွေ အများအပြားကိုလည်း ရရှိခဲ့ကြပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဇာဗီက ပီဒရီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ပီဒရီဟာ သူ့ရဲ့ အသင်းဖော်ဟောင်း အင်နီယေစတာကိုတောင် သတိရစေတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြောင်း ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ဇာဗီက – “ပီဒရီရဲ့ ပွဲအပေါ် ဖတ်နိုင်စွမ်းက အတော်လေး ကောင်းပါတယ်။ သူ့ရဲ့ ကစားပုံကို ကြည့်မိတဲ့ လူတိုင်းကလည်း အတော်လေး စိတ်ချမ်းသာကြပါတယ်။ ကျွန်တော်က သူ့ကို ကြည့်နေရင်း အင်နီယေစတာကို ပြေးမြင်မိပါတယ်။ ကျွန်တော်က ပီဒရီလို ပါရမီ ပါလာတဲ့ ကစားသမားတွေကို များများစားစား မမြင်မိခဲ့ပါဘူး” လို့ ချီးကျူးသွားခဲ့တာပါ။