စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂျီရိုနာကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အဓိက ကွင်းလယ်လူ ပီဒရီဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါပွဲစဉ် (၁၈) အဖြစ် အိမ်ကွင်းမာတဲ့ ဂျီရိုနာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: SPORT

ဂျီရိုနာက အသင်းလိုက် ကစားအားကောင်းတဲ့ အသင်းပီပီ ဘာစီလိုနာရဲ့ တိုက်စစ်ကို ကွင်းလယ်မှာတင် ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပြီး ဘာစီလိုနာကလည်း သူတို့အသင်းရဲ့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကာ ဂျီရိုနာကို အနိုင်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဂျီရိုနာရဲ့ မာကျောတဲ့ ကစားဟန်ကြောင့် ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၆၁မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ပီဒရီရဲ့ သွင်းဂိုးကြောင့်သာ မဟုတ်ရင် ဘာစီလိုနာဟာ ဒီပွဲမှာ သရေရလဒ်နဲ့ အိမ်ပြန်သွားရနိုင်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ ပီဒရီကို ချီးကျူးသွားခဲ့ပြီး ပီဒရီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်နေပြီလို့လည်း ဆိုလာပါတယ်။

Photo Credit: SPORT

ဇာဗီက – “ပီဒရီက အရင်ကတည်းက ပွဲတပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်ခဲ့တာပါ။ အခုလို သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေပါ ရယူလာနိုင်ချိန်မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေက ပိုပြီး ပေါ်လွင်လာခဲ့ပါတယ်။ ကျွန်တော်တို့က အသက် ၂၀ အရွယ်ပဲ ရှိသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်နေတဲ့ ပီဒရီရဲ့ အကြောင်းကို ပြောနေရတာပါ။ ဒါပေမယ့် ပီဒရီက Final Passတွေ ပေးပို့တဲ့ နေရာတွေမှာတော့ ဒီထက် ပိုကောင်းအောင် လုပ်ဖို့ လိုနေပါသေးတယ်” လို့ ပီဒရီကို အထူးတလည် ချီးကျူးသွားခဲ့တာပါ။