စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်လ်ချီအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ် ကစားသမား ဂါဗီဟာ အကန့်အသတ် မရှိ တိုးတက်လာနိုင်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်(၁၈) အဖြစ် အယ်လ်ချီအသင်းကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဂျက်ဂလာ ၊ ဂါဗီယာနဲ့ ဂါဗီတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အယ်လ်ချီအသင်းဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုး ၂ဂိုးကိုလည်း စတင် သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာ ပွဲအပေါ် အာရုံစူးစိုက်မှု လျော့ကျခဲ့တာကြောင့် ၂မိနစ်အတွင်း အယ်လ်ချီအသင်းရဲ့ ချေပဂိုး ၂ဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမယ့် ဇာဗီရဲ့ လူစားလဲမှုတွေ မှန်ကန်မှုကြောင့် ဘာစီလိုနာအသင်းဟာ အနိုင်ဂိုးကို ပြန်လည် ရရှိခဲ့ပြီး ပွဲကစားချိန် ၇၂မိနစ်မှာ လူစားဝင်ခွင့် ရခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါဗီက အနိုင်ဂိုးကို ပွဲကစားချိန် ၈၅မိနစ်မှာ သွင်းယူပေးကာ အသင်းအတွက် အဖိုးတန် ရမှတ် ၃မှတ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာက ဗယ်လက်ကာနိုအသင်းနဲ့ တပွဲလျော့ ရမှတ် ၃မှတ်ကွာ အနေအထားထိ ရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ ပိုမို နီးစပ်လာကာ ဇာဗီကတော့ အသင်းရဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါဗီကို အနာဂတ်မှာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်မယ့်သူလို့ ချီးကျူးသွားခဲ့ပါတယ်။

ဂါဗီက – “ဒီပွဲမှာ ဂါဗီရဲ့ ကစားပုံက အရမ်းကို ကောင်းခဲ့ပါတယ်။ သူက အနိုင်ရအောင် ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကစားခဲ့သလို အသင်းအတွက်လည်း အပြည့်အဝ ပေးဆပ်ခဲ့ပါတယ်။ သူက အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ကစားသမားပါ။ သူတင်မဟုတ်ပါဘူး။ အာရူဂျို ၊ ဘလိတ် ၊ နီကိုနဲ့ အက်ဘ်ဒီတို့ကလည်း အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ကစားသမားတွေပါ။ သူတို့က တကယ်ကို ကောင်းတဲ့ မျိုးဆက်တခုလည်း ဖြစ်ပါတယ်။ သူတို့အရွယ်မှာ ကျွန်တော်လည်း သွင်းဂိုးတွေ သွင်းယူနိုင်ပြီ ဆိုပေမယ့် သူတို့ရဲ့ ကစားပုံက အသက်နဲ့မလိုက်အောင်ကို ကောင်းမွန်လွန်းပါတယ်။ ဂါဗီကတော့ ခြားနားတဲ့ အရာတွေကို လုပ်နိုင်စွမ်း ရှိတဲ့ ကစားသမား တဦးပါ။ သူ့ကို ပိုင်ဆိုင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိသလို သူ့ကိုလည်း ဘယ်ကစားသမားနဲ့မှ နှိုင်းယှဉ်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အကန့်အသတ် မရှိ တိုးတက်လာနိုင်တဲ့ ကစားသမားမို့လို့ပါ” လို့ ချီးကျူးသွားခဲ့တာပါ။