စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျူဗင်တပ်နဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီက ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်ကနေ ဘာစီလိုနာထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်တာကြောင့် ပါဝင် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရလေ့ရှိတာဟာ သူ့ရဲ့ အားနည်းချက် တခုပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဇာဗီ တယောက် ဘာစီလိုနာကို စတင် ကိုင်တွယ်ချိန်မှ စပြီး ဒမ်ဘီလီဟာ ဒဏ်ရာကင်းကင်းနဲ့ ကစားနေနိုင်သလို သူ့ရဲ့ ခြေစွမ်းကောင်းတွေကိုလည်း ထုတ်ပြထားနိုင်ကာ သူ့ရဲ့ ပြောင်းလဲလာတဲ့ အမူအကျင့်နဲ့ ခြေစွမ်းတွေကြောင့်ပဲ ဘာစီလိုနာက ဒမ်ဘီလီကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့တာပါ။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ရဲ့ ခြေစမ်းပွဲမှာလည်း ဒမ်ဘီလီက အသင်းအတွက် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီကတော့ ဒမ်ဘီလီဟာ ထူးခြားတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားကြောင်း ဂျူဗင်တပ်နဲ့ ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ဒမ်ဘီလီက သူ ဘာတွေ လုပ်ဆောင်နိုင်လဲ ဆိုတာကို ကောင်းကောင်းကြီး ပြသနေပါတယ်။ သူက ဒီနေ့ပွဲမှာ ညာတောင်ပံမှာ ကစားရင်း ပွဲရဲ့ ရလဒ်အပေါ် သက်ရောက်မှု ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒမ်ဘီလီက သာမန် ကစားသမားတွေနဲ့ မတူကွဲပြားတဲ့ ကစားသမား တယောက် ဖြစ်သလို ထူးခြားတဲ့ အရည်အသွေးတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူက ကျွန်တော်တို့အသင်း အတွက် ကောင်းမွန်တဲ့ အရာတွေ အများကြီးကို ယူဆောင်လာနိုင်သူပါ။ ဒါပေမယ့် သူက အခုလိုမျိုး စွမ်းဆောင်ရည်တွေကို အဆက်မပြတ် ပြသနိုင်ဖို့ လိုတယ်။ သွင်းဂိုးတွေ ဒီထက် ပိုသွင်းပြဖို့ လိုအပ်ပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။