စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ဇာဗီကတော့ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ဖြစ်လာမယ့်သူ ဖြစ်ကြောင်း ပထမဦးဆုံး အင်တာဗျူးမှာပဲ ချီးကျူးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ နည်းပြသက်တမ်း ၂နှစ် ပြည့်ချိန်မှာပဲ ကာတာကလပ် အယ်ဆတ်အသင်း ကနေ အသင်းဟောင်း ဘာစီလိုနာအသင်းထံ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာကာ အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်အောင် ကြိုးစားမယ်လို့ ကတိပေးထားသူပါ။

Photo Credit: SPORT

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံ ကစားသမား အူစမာနီ ဒမ်ဘီလီကတော့ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပင်ကိုယ်ခြေစွမ်း ထက်မြက်ပေမယ့် ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ဘာစီလိုနာအသင်းရဲ့ အဆိုးဝါးဆုံး ခေါ်ယူမှုတွေထဲက တခု အဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိအချိန်မှာတော့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၈လသာ ကျန်ရှိတော့ပြီး ဘာစီလိုနာအသင်းက ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်တဲ့ ဇာဗီကလည်း ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကိစ္စဟာ သူ့ရဲ့ ဘာစီလိုနာ နည်းပြဘဝမှာ ဦးစားပေး လုပ်ဆောင်ဖို့ စဉ်းစားထားတဲ့ ကိစ္စတွေထဲက တခု ဖြစ်ကြောင်း ပြောကြားရင် ဒမ်ဘီလီရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပါတယ်။

Photo Credit: SPORT

ဇာဗီက – “ ဒမ်ဘီလီက ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ဖြစ်လာနိုင်တဲ့ အလားအလာကို ပိုင်ဆိုင်ထားသူပါ။ သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေ ရှိသလို အနိုင်ရလိုစိတ် ရှိတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်မှာ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့က ကျွန်တော်တို့ အတွက် အရေးကြီးပါတယ်။ ကျွန်တော်က သူနဲ့အတူ အလုပ်တွဲလုပ်ချင်တယ်။ ပြီးတော့ သူ့ဆီကနေလည်း လိုချင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာကတော့ သူ့အပေါ်မှာ အများကြီး မူတည်ပါသေးတယ်။ သူက အများကြီး ကြိုးစားရမယ်။ ပြီးတော့ ဒဏ်ရာတွေ ထပ်မရအောင် ကာကွယ်နိုင်ဖို့ လိုပါလိမ့်မယ်” လို့ ချီးကျူးခဲ့တာပါ။