စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဗစ်တိုးရီးယား ပယ်လ်ဇန်ကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပြီးနောက် အဆိုပါနိုင်ပွဲမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

ဘာစီလိုနာက ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဗစ်တိုးရီးယား ပယ်လ်ဇန်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံကစားခဲ့ရာ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ ဟက်ထရစ် ၊ ကွင်းလယ်လူ ကတ်ဆီးနဲ့ တောင်ပံတိုက်စစ် ကစားသမား တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့တာပါ။

Photo Credit: Marca

အဆိုပါပွဲမှာ ဘာစီလိုနာရဲ့ ကစားသမား အများစုက ပုံမှန်ထက် ပိုတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြပြီး ဘာစီလိုနာရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီကလည်း ဘာစီလိုနာရဲ့ နိုင်ပွဲအတွက် အဓိကကျခဲ့ကာ ဒမ်ဘီလီဟာ သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပေမယ့် အသင်းအတွက် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာနည်းပြ ဇာဗီက ဒမ်ဘီလီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း အမွှန်းတင် ချီးကျူးသွားခဲ့သလို ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်တဲ့ နေမာရဲ့ အဆင့်အတန်းမျိုးကို ရောက်နေပြီလို့ပါ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “ဒမ်ဘီလီက သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပထမဦးဆုံးရာသီမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရသူပါ။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပါပဲ။ ဒမ်ဘီလီမှာ ထိပ်တန်းအဆင့် အရည်အချင်းတွေ အများကြီး ရှိပါတယ်။ ပြီးတော့ သူက အခုချိန်မှာ လူတိုင်းရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်မှု ရှိတဲ့ ကစားသမားပါ။ ဒီကမ္ဘာပေါ်မှာ ဒမ်ဘီလီလိုမျိုး တောင်ပံနှစ်ဖက်စလုံးမှာ ကစားပြီး အတွင်းကို ဆွဲဝင်ပြေးနိုင်တဲ့ တောင်ပံတိုက်စစ် ကစားသမားမျိုး မရှိပါဘူး။ ဒမ်ဘီလီက နေမာရဲ့ အကောင်းဆုံးအချိန်မှာ ရှိနေတဲ့ အဆင့်အတန်းမျိုးကို ရောက်နေပါပြီ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒမ်ဘီလီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။