စပိန်လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၂၄) အဖြစ် ဂရန်နာဒါကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၃-၃ ဆိုတဲ့ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် သူတို့အသင်းဟာ ဒီရာသီမှာ လာလီဂါ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အရမ်းကို ခက်သွားပြီလို့ ဝန်ခံသွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါနဲ့ စပိန်စူပါဖလားတွေရဲ့ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ စပိန်စူပါဖလားဖိုင်နယ်မှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် ရှုံးနိမ့်ကာ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့သလို လာလီဂါပြိုင်ပွဲမှာလည်း အဆင့်(၁)မှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် (၁၀)မှတ် ကွာဟနေပါတယ်။

Photo Credit: Reuters

ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၂၄)မတိုင်ခင်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာ အထိ ရောက်နေသလို ပွဲစဉ်(၂၄) အဖြစ် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဂရန်နာဒါကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် နိုင်ပွဲ ရအောင် မယူနိုင်ခဲ့သလို မရှုံးနိမ့်အောင်တောင် အသည်းအသန် ကစားခဲ့ရပါတယ်။

ဘာစီလိုနာ ၃-၃ ပွဲစဉ်မှာ ဂရန်နာဒါ အတွက် အထူး ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ကစားသမားက မန်ချက်စတာ ယူနိုက်တက် ကနေ ဂရန်နာဒါဆီ အငှားနဲ့ လာရောက် ကစားနေတဲ့ ပယ်လီစထရီ ဖြစ်ပြီး ပယ်လီစထရီက ပွဲချိန် ၄၃မိနစ်မှာ အသင်းဖော် ဆန်းချက်ဇ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ပွဲချိန် ၆၀မိနစ်မှာလည်း အသင်းအတွက် ဦးဆောင်ဂိုး တဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

Photo Credit: Standard

ဂရန်နာဒါအတွက် နောက်ထပ် သွင်းဂိုး ၁ဂိုးကိုတော့ ပွဲချိန် ၆၆မိနစ်မှာ နောက်ခံလူ မီကွယ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အတွက် သွင်းဂိုးတွေကို ပွဲချိန် ၁၄မိနစ်နဲ့ ၈၀မိနစ်တို့မှာ ယာမယ်နဲ့ ပွဲချိန် ၆၃မိနစ်မှာ လီဝန်ဒေါစကီးတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနည်းပြချုပ် ဇာဗီက သူတို့အသင်းဟာ ဒီရာသီမှာ လာလီဂါချန်ပီယံ ဖြစ်ဖို့ အရမ်း ခက်သွားပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဇာဗီက – “လာလီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အရမ်း ခက်သွားပါပြီ။ အထူးသဖြင့် ဒီနေ့ပွဲ အပြီးမှာပေါ့။ ကျွန်တော်တို့နဲ့ ရီးရဲလ်မက်ဒရစ် ကြားထဲမှာ ရမှတ် ကွာဟချက် အရမ်းကို ကြီးမားသွားပါပြီ။ ဒါပေမယ့် ချန်ပီယံ မဖြစ်နိုင်တော့တဲ့ အနေအထားမျိုး မဟုတ်သေးပါဘူး။ ကျွန်တော်တို့က ချန်ပီယံ ဖြစ်ချင်ရင် အမှားတွေ ထပ်လုပ်ဖို့ မရတော့ပါဘူး။ ဒီနေ့ပွဲမှာ ဆိုရင် ကျွန်တော်တို့က အန္တရာယ်များတဲ့ နေရာတွေမှာ ဘောလုံးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။