စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၅ ဗီလာရီးရဲလ် ပွဲအပြီးမှာ သူဟာ ဘာစီလိုနာနည်းပြရာထူးကို ရာသီကုန်မှာ စွန့်လွှတ်တော့မယ်လို့ ကြေညာပြီးနောက် ဘာစီလိုနာမှာ ဆာအဲလက်စ် ဖာဂူဆန်လို သက်တော်ရှည်နည်းပြ မရှိနိုင်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်လူမျိုး နည်းပြချုပ် ဇာဗီက ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဘာစီလိုနာပရိသတ်တွေရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။

Photo Credit: Talksports

ဒါကြောင့်ပဲ ဇာဗီက သူ့ရဲ့ နည်းပြဘဝ အစမှာ ကာတာကလပ် အယ်လ်ဆတ်နဲ့ အောင်မြင်မှု တချို့ ရယူနိုင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပြီး ဇာဗီရဲ့ လက်အောက်မှာ ဘာစီလိုနာက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ လာလီဂါဖလား ၊ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ စပိန်စူပါဖလား စတဲ့ ဆုဖလား ၂လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဇာဗီရဲ့ ဘာစီလိုနာက ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး စပိန်စူပါဖလား ၊ ကိုပါဒယ်ရေး စတဲ့ ရှုံးထွက်ပြိုင်ပွဲတွေ ကနေ ထွက်ခွာထားရသလို လာလီဂါပြိုင်ပွဲမှာလည်း အဆင့်(၁)နေရာမှာ ရှိနေတဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၀မှတ် အထိ ကွာဟနေပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ဖလားလက်မဲ့ရာသီ တခုကို ရင်ဆိုင်ရဖို့ နီးစပ်နေပြီးနောက် ဇာဗီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဇာဗီက ဘာစီလိုနာရဲ့ နည်းပြတွေဟာ ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် ဘာစီလိုနာမှာ ဆာအဲလက်စ် ဖာဂူဆန်လို သက်တော်ရှည်နည်းပြတွေ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ဇာဗီက – “ကျွန်တော်က ဘာစီလိုနာရဲ့ ဆာအဲလက်စ် ဖာဂူဆန် ဖြစ်လာမလားလို့ ခင်ဗျားတို့တွေ (သတင်းထောက်တွေ) ခဏခဏ မေးခဲ့တယ်နော်။ အမှန်တရားက ဘာစီလိုနာမှာ ဘယ်တော့မှ ဆာအဲလက်စ် ဖာဂူဆန်လို သက်တော်ရှည်နည်းပြ မရှိလာနိုင်ပါဘူး။ ခင်ဗျားတို့လို မီဒီယာတွေက အဲ့ဒီလို သက်တော်ရှည်နည်းပြတွေ ရှိတာကို မလိုချင်ကြဘူးလေ။ ဘာစီလိုနာနည်းပြရာထူးက အရမ်း ခက်ခဲတဲ့ အလုပ်တခုပါ” လို့ ပြောကြားသွားခဲ့တာပါ။