ဘာစီလိုနာအသင်းကနေ နည်းပြရော်နယ်ကိုးမန်းကို ထုတ်ပယ်လိုက်ပြီးနောက်မှာ သူရဲ့နေရာကို ပြန်လည်အစားထိုးဖို့အတွက် အသင်းအတွက် (၁၇)နှစ်တာလောက်အထိ ပါဝင်ကစားပေးခဲ့တဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး ဇာဗီဟာနန်ဒက်ဇ်နဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့သလို ဘာစီလိုနာဘက်ကနေလည်း ဇာဗီကို ကိုးမန်းနေရာမှာ ဝင်ရောက်စေချင်နေပေမယ့် ဇာဗီကိုယ်တိုင်ကတော့ သူရဲ့လက်ရှိ တာဝန်ယူနေတဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အယ်ဆတ်အသင်းကိုသာ အာရုံစိုက်ထားတယ်လို့ ပြောကြားလာခဲ့ပါတယ်။

Photo Credit : Al Jazeera

ဘာစီလိုနာအသင်းဟာ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ရော်နယ်ကိုးမန်းကို အသင်းကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ သူရဲ့နေရာအတွက် အယ်လ်ဆတ်ဒ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ ကစားသမားဟောင်း ဇာဗီဟာနန်ဒက်ဇ်ကို အသင်းနည်းပြအဖြစ် တာဝန်ပေးဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ရာ ဇာဗီဘက်ကလည်း ဒီတာဝန်ကို ထမ်းဆောင်သွားဖို့ စိတ်ဝင်စားနေခဲ့တယ်လို့ နာမည်ကြီး သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇာဗီကတော့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ သူအနေနဲ့ လက်ရှိမှာ သူရဲ့ကလပ် အယ်လ်ဆတ်ဒ်အသင်းအတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့သာ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

ဇာဗီက “ကျွန်တော်တို့ အနားယူနေလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့အသင်းအနေနဲ့ ဇယားထိပ်ဆုံးမှာ ရှုံးပွဲမရှိတဲ့ ကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်နေနိုင်အောင် ကြိုးစားဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်ဘက်ကလည်း အယ်ဆတ်အသင်းမှာ ကျွန်တော်တာဝန်ယူထားရတဲ့ အလုပ်တာဝန်တွေကိုပဲ အာရုံစိုက်ထားပါတယ်။ တခြားအကြောင်းတွေကိုတော့ ကျွန်တော် ဘာမှမပြောချင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီလိုထုတ်ဖော် ပြောဆိုထားမှုတွေ ရှိနေပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ ဇာဗီကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ကိစ္စကို ဆက်လက်ရှေ့တိုးလုပ်ဆောင်လျက် ရှိလို့နေပြီး ဇာဗီနဲ့ အယ်လ်ဆတ်ဒ်အသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် စာချုပ်လျော်ကြေးကိုပါ ပေးချေသွားဖို့လည်း အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဘာစီလိုနာအရန်အသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ ဆာဂျီဘာဟွမ်ကို အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ပေးထားခြဲ့ပီး နည်းပြသစ် တရားဝင် မခန့်အပ်နိုင်ချိန်ထိ အသင်းကို ယာယီကိုင်တွယ်ထားရမှာ ဖြစ်ပါတယ်။