မကြာသေးခင်ကမှ စပိန် လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဖယ်ရန်တောရက်စ်ကို ခေါ်ယူအားဖြည့်လို့ထားတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကိုပဲ ထပ်မံအားဖြည့်ဖို့အတွက် ရီးယဲလ်မက်ဒရစ်နဲ့ အသက်လက်တီကိုမက်ဒရစ်တို့လို မက်ဒရစ် အခြေစိုက် ထိပ်တန်းအသင်းကြီးတွေရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာပြန်တယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှွယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာဟာ အသက်လက်တီကိုအသင်းရဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့် လက်ရှိ ဂျုဗင်တပ်စ်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတာဖြစ်ပြီး ဂျုဗီဘက်က မိုရာတာကို အပြီးသတ် ခေါ်ယူသွားဖို့ အစီအစဉ် မရှိတာကြောင့် ဘာစီလိုနာဘက်ကနေ လာမယ့် ဆောင်းစျေးကွက်ထဲမှာပဲ မိုရာတာကို အငှားနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း မိုရာတာကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလို့နေပြီး လတ်တလောမှာတော့ စီးရီးအေ တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ မီလစ်ခ်နဲ့ အီကာဒီတို့ကို ချိန်ရွှယ်လျက် ရှိနေပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းအနေနဲ့ကလည်း အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် စျေးကွက်အတွင်း ကစားသမားတွေ လိုအပ်သလောက် ခေါ်ယူဖို့ ခက်ခဲနေရပေမယ့် လာလီဂါဘက်မှာ အနိမ့်ဆုံး အဆင့်(၄)အတွင်း ဝင်ရောက်ဖို့နဲ့ ယူရိုပါလိဂ်မှာပါ အောင်မြင်မှု ရယူနိုင်ရေးအတွက် ကစားသမားသစ်တွေကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရည်အချင်းရှိတဲ့ စပိန်ကြယ်ပွင့်လေး ဖယ်ရန်တောရက်စ်ကို မန်စီးတီးကနေ ခေါ်ယူထားအပြီးမှာပဲ နောက်ထပ် စပိန်ကစားသမားဖြစ်တဲ့ မိုရာတာကိုပါ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ မိုရာတာအနေနဲ့ ဂျုဗင်တပ်စ်အသင်းမှာ အငှားစာချုပ် မပြည့်သေးတာဖြစ်လို့ သူ့ကို ခေါ်ယူဖို့က ရှပ်ထွေးနိုင်ဖွယ် ရှိနေပေမယ့် စပိန်နာမည်ကြီး Marca သတင်းစာရဲ့ ဖော်ပြချက်အရ အသက်လက်တီကိုအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ဂရီးဇ်မန်းကို ဘာကာကနေ ပြန်လည်ခေါ်ယူခဲ့စဉ်တုန်းက ပြောင်းရွှေ့ကြေးကို အပြည့်အဝ မပေးချေရသေးတာဖြစ်လို့ ဒီအပြောင်းအရွှေ့မှာ မိုရာတာကိုပါ ထည့်သွင်းလာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ တကယ်လို့ မိုရာတာသာ ဘာစီလိုနာကို ရောက်ရှိခဲ့မယ်ဆိုရင် ရီးယဲလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့မှာ ပါဝင်ကစားဖူးတဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာပဲ ဖြစ်ပါတယ်။