စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်း နူးကမ့်မှာပဲ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ကာ ကိုပါဒယ်ရေးပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် အရမ်းကို နာကျင်ရကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်သလို ဒီရာသီမှာ သူတို့နှစ်သင်းက စပိန်ပြည်တွင်းဖလားတွေ အတွက် မကြာခဏ ဆိုသလို ထိပ်တိုက် ယှဉ်ပြိုင်ကြရပြီး စပိန်စူပါဖလားပြိုင်ပွဲမှာ ဇာဗီရဲ့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ် အနိုင်ရကာ ချန်ပီယံ အဖြစ် အောင်ပွဲခံထားပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဘာစီလိုနာက လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁၂မှတ် အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီး ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ ပွဲစဉ်မှာလည်း ဘာစီလိုနာက အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါသေးတယ်။

ဒါပေမယ့် နူးကမ့်ကွင်းမှာ ကစားခဲ့ရတဲ့ ကိုပါဒယ်ရေး ဒုတိယအကျော့မှာတော့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိပဲ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ကာ ကိုပါဒယ်ရေး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

Photo Credit: AS English

ဘာစီလိုနာ ၀-၄ ရီးရဲလ်မက်ဒရစ် ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက အခုလို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ရတဲ့ အတွက် အရမ်းကို နာကျင်ရကြောင်းနဲ့ ဒီညမှာ အိပ်နိုင်မယ်လို့တောင် မထင်ကြောင်း ဆိုလာပါတယ်။

ဇာဗီက – “အခုလို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အတွက် ရှက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံနဲ့ ယှဉ်ကစားခဲ့ရတာပါ။ ကျွန်တော်က ခင်ဗျားတို့ကိုလည်း ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ဆိုတာဟာ အရမ်းကို ခက်ခဲပါတယ်။ ဒီနေ့ညမှာတော့ ကျွန်တော်က အိပ်ဖို့တောင် အတော်လေး ကြိုးစားရမယ် ထင်ပါတယ်။ ကျွန်တော်က ဒီနေ့ရှုံးပွဲ အတွက် အရမ်းကို နာကျင်နေပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။