ဘာစီလိုနာ အသင်း ဥက္ကဌတစ်ဦး ဖြစ်လာနိုင်ချေ ရှိတဲ့ ဗစ်တာဖောင့် က အကယ်၍ သူသာ ဥက္ကဌ ဖြစ်လာခဲ့ရင် ဇာဗီဟာနန်ဒက်ဇ် ကို ဘာစီလိုနာ အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်သွားမယ်လို့ ဆိုကာ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဇာဗီ ကလည်း အသင်း အတွက် ဆာအဲလက်စ်ဖာဂူဆန် ရဲ့ ဘာစီလိုနာ ဗာရှင်း ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဇာဗီဟာ အခုလက်ရှိမှာ ကာတာစတား လီဂူဘောလုံးအသင်း ဖြစ်တဲ့ အယ်လ်ဆတ်ဒ် အသင်းမှာ နည်းပြ အဖြစ် လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ လတွေတုန်းက ဇာဗီကို ဘာစီလိုနာ အသင်းထံ နည်းပြအဖြစ် ပြန်လာဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်အစောပိုင်းဇန်နဝါရီလမှာ ဇာဗီ က နည်းပြ ရာထူးအတွက် ငြင်းပယ်ခဲ့ကာ အယ်လ်ဆတ်ဒ် အသင်းမှာပဲ ဆက်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: AS English

ဇန်နဝါရီလ မှာပြုလုပ်မယ့် ဘာစီလိုနာ အသင်းဥက္ကဌနေရာ အတွက် ဝင်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် ၁၀ ဦး အထိ ရှိပေမယ့်လည်း ဗစ်တာ ဖောင့်ကတော့ အသင်းဥက္ကဌ နေရာ အတွက် အနိုင်ရရှိဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အခုချိန်ကတည်းက ဗစ်တာဖောင့် ဟာ ဖာဂူဆန်က မန်ချက်စတာ ယူနိုက်တက်မှာ လုပ်ပြခဲ့သလို ဇာဗီကလည်း ဘာစီလိုမှာ လုပ်ပြနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။ ဖာဂူဆန်ဟာ မန်ယူအသင်းအတွက် ပွဲပေါင်း ၁၅၀၀ လောက် ကိုင်တွယ်ပေးခဲ့ကာ အသင်းမှာ ၂၇ နှစ်ကြာ သစ္စာရှိရှိ ပေးဆပ်ခဲ့သူ ဖြစ်ပါတယ်။ “ အသင်းရဲ့ အခြေအနေကို အကောင်းဆုံး တည်ဆောက်ပေးနိုင်တဲ့ သူက ဇာဗီ ဖြစ်တယ်လို့ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ဆုံးဖြတ်ချက် ချခဲ့ပြီးသားပါ။ ဖာဂူဆန် မန်ချက်စတာ ယူနိုက်တက်မှာ နေခဲသလို နှစ်အကြာကြီး ဇာဗီက အသင်းမှာ နေနိုင်ပါတယ်။ ဒါပေမယ့် အကယ်၍ သူသာ အခြားအသင်းမှာ နည်းပြ လုပ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ လူအနည်းစု မှာပဲ ရှိတဲ့ ခေါင်းဆောင်စိတ်ဓာတ်မျိုး သူ့မှာ ရှိပါတယ် ”

Photo Credit: Express

ဆက်လက်ပြီး ဖောင့် က ယခုလက်ရှိဘာစီနည်းပြ ရော်နယ်ကိုးမန်း ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ “ ဒါက အားကစားဒါရိုက်တာတွေ ချရမယ့် ဆုံးဖြတ်ချက်မျိုးပါ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အခုလိုခက်ခဲနေတဲ့ အချိန်မှာ နည်းပြအဖြစ် တာဝန်ယူပေးခဲ့တဲ့ ရော်နယ်ကိုးမန်းကို ကျေးဇူးတင်ပါတယ်။ သူ ချတဲ့ ဆုံးဖြတ်ချက်တွေ နဲ့ အလားအလာကောင်းတဲ့ လူငယ်ကစားသမားတွေကို အသုံးပြု‌တာတွေကို မြင်ရတာ ကျွန်တော်တို့ အတွက် ကျေနပ်စရာ ကောင်းပါတယ်။ ဇာဗီက ကျ ရေရှည် အမျှော်အမြင် ရှိပါတယ်။ သူက အခုမှ အသက် ၄၀ ပဲ ရှိပါသေးတယ်။ ကိုးမန်း အနေနဲ့ ဒီရာသီမှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ရင်တောင် ကျွန်တော့် အစီအစဉ်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော်သာ ဥက္ကဌ ဖြစ်လာရင် ကိုးမန်းဟာ ၂၀၂၁-၂၂ အတွက် နည်းပြ ဖြစ်နိုင်မှာ မဟုတ်ပါဘူး ” လို့ ဆိုလိုက်ပါတယ်။ ဇာဗီဟာ ဘာစီလိုနာ အသင်းမှာ ၁၉၉၈ ကနေ ၂၀၁၅ အထိ ကစားခဲ့ပြီး အသင်း အတွက် ၇၆၇ ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင် အသင်းအတွက်လည်း ၁၃၃ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။