MySport Myanmar

VAR ကြောင့်ဆိုပြီး ပြောဆိုနေခြင်းက ဟာသတစ်ခုပါပဲလို့ ဇာဗီ တုံ့ပြန်

မနေ့ညက နူးကမ့်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ El Clasico ပွဲစဉ်အတွင်းမှာ အိမ်ရှင် ဘာစီလိုနာအသင်းက ခါးသီးပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို (2-1) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ရီးယဲလ်အသင်း ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးကို VAR ကနေ လူကျွံဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်ဖြစ်ခဲ့တာကလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဘာစီလိုနာ နည်းပြ ဇာဗီက ထောက်ခံသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီရာသီရဲ့ စတုတ္ထကြိမ်မြောက် El Clasico ပွဲစဉ်အဖြစ် နူးကမ့်ကွင်းကြီးအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားခဲ့ရာ အိမ်ရှင် ဘာစီလိုနာက လူစားဝင် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့ပြီး ရီးယဲလ်ကိုလည်း (၁၂)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ကတ်ဆေးရဲ့ သွင်းဂိုး မတိုင်ခင်မှာ ရီးယဲလ်ဘက်က အဆန်စီယို ဂိုးသွင်းယူခဲ့ပေမယ့်လည်း ဒါကို VAR ကနေ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ ရီးယဲလ်အသင်း နစ်နာသွားခဲ့ရပါတယ်။ ဒါပေမယ့် လူတွေက ဒီ VAR ဆုံးဖြတ်ချက်အကြောင်း ပြောဆိုနေကြမယ်ဆိုရင် ဒါက ဟာသတစ်ခုပဲလို့ ဇာဗီက တုံ့ပြန် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

VAR ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဇာဗီက “အန်စလော့တီက ခွင့်မပြုလိုက်တဲ့ ဂိုးနဲ့ ပတ်သတ်ပြီး သံသယရှိမိတယ်ဆိုတာကို အံ့သြမိပါတယ်။ ဒါက သိပ္ပံနည်းကျ မေးခွန်းတစ်ခုပါ။ ဒီဂိုးက လူကျွံဘောဖြစ်ပြီး လုံးဝကို သံသယ မရှိပါဘူး။ ဒါကို လူတွေက VAR အကြောင်း ပြောနေမယ်ဆိုရင်တော့ ဟာသတစ်ခုပါပဲ။ လူကျွံဘောဆိုတာ အရမ်း ရှင်းလင်းပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Forbes

ဆက်လက်ပြီး ဇာဗီက “အားလုံး ကြိုးစား လုပ်ဆောင်ခဲ့တာကြောင့် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော့်ကစားသမားတွေက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဒီနိုင်ပွဲ ရရှိလိုက်ခြင်းကို ကျွန်တော် ဝမ်းသာမိတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ ခြေမှန်နေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ဘက်က ရှိသမျှ အရာအားလုံးကို ပေးစွမ်းပြီး ကစားခဲ့ရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဆိုတာက သင်တို့ကို အမြဲတမ်း ခက်ခဲအောင် လုပ်ဆောင်နိုင်တဲ့ ပြိုင်ဘက်အသင်း တစ်သင်းဖြစ်တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့က ပွဲကို တည်ငြိမ်အောင် ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ဒီအသင်းကို မနိုင်တာ (၅)နှစ်ရှိပြီ။ ခွင့်ပြုလိုက်ရတဲ့ ပထမဂိုးကလည်း မမျှတခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒါကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version